Home
နိုင်ငံတကာ
ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်အပေါ်  အမေရိကန်၏ အခွန်တိုးကောက်မှု စတင်အသက်ဝင်
DVB
·
March 4, 2025
Photo: REUTERS/Jose Luis Gonzalez

ကနေဒါနဲ့ မက္ကဆီကိုအပေါ် အမေရိကန်နိုင်ငံရဲ့  ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်မှုဟာ မတ် ၄ ရက်မှာ စတင်အသက်ဝင်ပြီ ဖြစ်ပါတယ်။

ကနေဒါအတွက်ရော မက္ကဆီကိုအတွက်ပါ အချိန်မကျန်တော့ဘူးဆိုပြီး သမ္မတ ဒေါ်နယ်ထရမ့်ပ် ကိုယ်တိုင် တနင်္လာနေ့က အိမ်ဖြူတော်မှာ ပြောသွားပါတယ်။

ထရမ့်ပ်က “အကောက်ခွန်တွေကို အားလုံးပြင်ဆင်ပြီးသားပါ။ မနက်ဖြန်ကျရင် စတင်အသက်ဝင်လိမ့်မယ်” လို့ ဖြည့်စွက်ပြောပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက ကုန်စည်တွေပေါ်  သွင်းကုန်ခွန် ကောက်ရာမှာ ရှိပြီးသား ၁၀ ရာခိုင်နှုန်းကို ၂ ဆတိုးမယ်လို့ အတည်ပြုခဲ့တဲ့အတွက် စုစုပေါင်း အခွန်စည်းကြပ်မှု ၂၀ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပါတယ်။

တရက်တည်းမှာပဲ တရုတ်အစိုးရဟာ အမေရိကန် စိုက်ပျိုးရေးထုတ်ကုန်နဲ့ အစားအသောက်တွေ အပေါ်  ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ အခွန်တိုးကောက်မယ်ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံက အမေရိကန်ကုမ္ပဏီ ၂၅ ခုကိုပါ ကုန်စည်တင်ပို့ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်တွေ ချမှတ်ခဲ့ပါတယ်။

အမေရိကန်ရဲ့ အကြီးမားဆုံး ကုန်သွယ်ဘက်နိုင်ငံတွေအပေါ် သွင်းကုန်ခွန်ကောက်ခံရေးကို ထရမ့်ပ်က အတည်ပြုခဲ့ပြီးနောက် စတော့ဈေးတွေအထိ ကျဆင်းသွားခဲ့ပါတယ်။

အခုလိုမျိုး အခွန်တိုးကောက်တဲ့အခါ ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံက ဖန်တနယ်လ် မူးယစ်ဆေးဝါးနဲ့ တရားမဝင် ရွှေ့ပြောင်းအခြေချသူတွေ အမေရိကန်ထဲ ဝင်ရောက်လာမှုကို ပိုမိုတားဆီးဖို့အတွက် ဖိအားပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာ နိုင်ငံ ၃ ခုက အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုကို လက်တုံ့ပြန်မယ့်အရေးကြောင့် လက်ရှိ ကုန်သွယ်ရေးစစ်ပွဲဟာ ဒီ့ထက်ပိုပြီး ကျယ်ပြန့်လာနိုင်ပါတယ်။

ဒါ့အပြင် အမေရိကန်ကနေ ကနေဒါကို တင်ပို့တဲ့ ကုန်စည်တန်ဖိုးစုစုပေါင်း ၁၅၅ ဘီလီယံ ရှိတဲ့အထဲက ၃၀ ဘီလီယံကို အရင်ပစ်မှတ်ထားကာ နောက်ထပ် ၂၁ ရက်အတွင်း ကျန်တဲ့ ဒေါ်လာ ၁၂၅ ဘီလီယံဖိုးအပေါ် အခွန်တိုးကောက်မယ်လို့ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးက အတည်ပြုပါတယ်။

လောလောဆယ်မှာတော့ အမေရိကန်ပြည်သူ​တွေကသာ ကုန်ဈေးနှုန်းတက်လာတာကို ရင်ဆိုင်ရနိုင်ပြီး အဲဒီထဲမှာ ကနေဒါထုတ် မေပယ်လ်-သကာရည် (Maple syrup) နဲ့ လောင်စာဆီ အပါအဝင် မက္ကဆီကိုနိုင်ငံထွက် ထောပတ်သီးတွေ ပါဝင်တဲ့အကြောင်း ဖော်ပြထားပါတယ်။

အခွန်စည်းကြပ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို တကယ်ပဲ လုပ်ဆောင်မလား ဆိုတာကို မက္ကဆီကိုနိုင်ငံက စောင့်ကြည့်နေမှာဖြစ်ပြီး အမေရိကန်အနေနဲ့ တကယ်ဆောင်လာတယ် ဆိုရင်လည်း တုံ့ပြန်မှု အများအပြားကို လုပ်ဆောင်သင့်တယ်လို့ မက္ကဆီကိုသမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်က မတ် ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

မက္ကဆီကိုစီးတီးရှိ အမျိုးသားနန်းတော်မှာ နေ့စဉ် မနက်ခင်း သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ရှိန်းဘောင်းမ်က နောက်ဆုံး ဆုံးဖြတ်ချက်ဟာ အမေရိကန်အစိုးရနဲ့သာ သက်ဆိုင်ပေမဲ့လည်း အမေရိကန်က ဘယ်လိုပဲ ဆုံးဖြတ်ပါစေ၊ မက္ကဆီကိုကတော့ သင့်လျော်သလို တုံ့ပြန်ဖို့ အပြည့်အဝ ပြင်ဆင်ထားပြီး အဆင်သင့်ဖြစ်နေကြောင်းနဲ့ တုံ့ပြန်မယ့် အစီအစဉ် ပလန် A, B, C, D ရှိပါတယ် လို့လည်း ဆိုပါတယ်။

မက္ကဆီကိုသမ္မတဟာ မက္ကဆီကိုအစိုးရရဲ့ တန်ပြန်ဆောင်ရွက်မှု အသေးစိတ်ကို ထုတ်ဖော် ပြောကြားခြင်း မရှိပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ဝါရှင်တန်မှာ မက္ကဆီကို ကိုယ်စားလှယ်အဖွဲ့ဟာ ကုန်သွယ်မှုနဲ့ အကောက်ခွန်ဆိုင်ရာ ကိစ္စရပ်တွေအတွက် အမေရိကန်တာဝန်ရှိသူတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း သမ္မတက မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

ဝါရှင်တန်ရှိ အစည်းအဝေးတွေမှာ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြောင်းနဲ့ အမေရိကန်နဲ့ ညှိနှိုင်းဆောင်ရွက်မှုဟာ အခုချိန်ထိ အလွန်ကောင်းမွန်တယ်လို့ ရှိန်းဘောင်းမ်က ပြောဆိုခဲ့ပြီး ပြည်သူတွေဆီက စိတ်တည်ငြိမ်မှုနဲ့ စိတ်ရှည်မှုတို့ကို တောင်းဆိုခဲ့ပါတယ်။

ထရမ့်ပ်ဟာ မက္ကဆီကိုနဲ့ ကနေဒါတို့ကို ဖန်တနယ်လ်လို ဓာတုဆေးဝါးတွေ စီးဆင်းမှုနဲ့ အမေရိကန်နဲ့ ထိစပ်နေတဲ့ နယ်စပ်တွေမှာ ရွှေ့ပြောင်းဝင်ရောက်မှုတွေကို ရပ်တန့်ဖို့ လုံလောက်အောင် လုပ်ဆောင်ခြင်း မရှိကြောင်း စွပ်စွဲခဲ့ပြီး အဲဒီအရေး ၂ ရပ်ကို မလုပ်ဆောင်နိုင်ရင် စည်းကြပ်ခွန်ကောက်မယ်လို့ ကြေညာခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013