Home
နိုင်ငံတကာ
ယူကရိန်းကို အမေရိကန် စစ်ရေးအကူအညီရပ်ဆိုင်းမှု ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ဖြစ်ဟု ရုရှား ပြော
DVB
·
March 5, 2025
Photo : Reuters

ယူကရိန်းနိုင်ငံအတွက် အမေရိကန်ရဲ့ စစ်ရေးအကူအညီကို ခေတ္တရပ်ထားခြင်းဟာ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး အထောက်အကူ ဖြစ်လိမ့်မယ်လို့ ကရင်မလင်နန်းတော်က မတ် ၄ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ ရုရှားအနေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ လှုပ်ရှားမှုအသေးစိတ်ကို ရှင်းလင်းဖို့ လိုအပ်ကြောင်းလည်း သတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ ထိပ်တိုက်တွေ့ပြီးနောက်မှာ ထရမ့်ပ်က ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီကို ခေတ္တရပ်ထားကြောင်း အိမ်ဖြူတော်အရာရှိတယောက်က ပြောကြားခဲ့ပါတယ်။

ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ်က အမေရိကန်အကူအညီတွေကို ခေတ္တရပ်ထားတယ်ဆိုတဲ့ သတင်းတွေအပေါ် သတိကြီးစွာထားပြီး အသေးစိတ်ကို သိမြင်နိုင်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

“ဒါသာ အမှန်ဆိုရင် ဒါဟာ ကိယက်ဗ် အစိုးရကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမှန်တကယ် တွန်းအားပေးနိုင်တဲ့ ဆုံးဖြတ်ချက်ပါပဲ” လို့လည်း ဆိုပါတယ်။

“အမေရိကန်ဟာ အခုထိ ဒီစစ်ပွဲကို အဓိက ပံ့ပိုးပေးနေတာဟာ ထင်ရှားပါတယ်။ တကယ်လို့ အမေရိကန်ပြည်ထောင်စုဟာ လက်နက်ထောက်ပံ့ပေးသွင်းသူ အဖြစ်ကနေ ရပ်တန့်လိုက်ရင် ဒါမှမဟုတ် ဒီထောက်ပံ့မှုတွေကို ရပ်ဆိုင်းလိုက်မယ်ဆိုရင် ဒါဟာ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး ပံ့ပိုးကူညီမှု ဖြစ်လာမှာပါ” လို့ ပက်စ်ကို့ဗ်က ပြောသွားတာပါ။

ဒါပေမဲ့ ဥရောပနိုင်ငံတချို့က ကျယ်ကျယ်ပြန့်ပြန့် အကူအညီတွေ ဆက်ပေးသွားမယ်လို့ ပြောနေကြပြီး သူတို့ဟာ လျော့သွားတဲ့ ခဲယမ်းမီးကျောက် ပမာဏနဲ့ ကျန်တာတွေအားလုံးကို လျော်ပေးဖို့ တနည်းနည်းနဲ့ ကြိုးစားကြလိမ့်မယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ယူကရိန်းကိုပေးတဲ့ စစ်ရေးအကူအညီ အမြောက်အမြားဟာ အမေရိကန်ကနေ သို့မဟုတ် အမေရိကန် လမ်းကြောင်းတွေကနေ လက်ခံရရှိခဲ့တာမို့ စောင့်ကြည့်နေပါတယ်လို့လည်း ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်က ပူတင်နဲ့ စကားပြောဆိုခဲ့ပြီး သူ့ကို ငြိမ်းချမ်းရေးဖန်တီးသူအဖြစ် သတိရစေလိုကြောင်း ပြောကြားခဲ့တဲ့ အမေရိကန်သမ္မတ ထရမ့်ပ်ဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်တဲ့ အမေရိကန်မူဝါဒကို ပြောင်းပြန်လုပ် ဆန့်ကျင်ခဲ့ပြီး တတိယကမ္ဘာစစ်ကို မီးမွှေးပေးမယ့် အန္တရာယ်ရှိနေပြီလို့ ပြောဆိုခဲ့ပါတယ်။

ကိယက်ဗ်မှာ ကစားဖို့ကတ်တွေ မကျန်တော့ဘူးလို့လည်း ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013