Home
မြန်မာသတင်း
လေးမျက်နှာတွင် လူငယ် ၁ ဦးအား ပစ်သတ်ခဲ့သည့် ဒုရဲအုပ် အပါအဝင် ရဲ ၄ ဦးကို ဖမ်းဆီး စစ်ဆေးနေ
DVB
·
March 6, 2025
Photo: Kyaw Kyaw

ဧရာဝတီတိုင်း ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့မှာ ညအချိန် အပြင်ထွက်တဲ့ လူငယ်တယောက်အား စစ်ကြောရေးမှာ ပစ်သတ်ခဲ့တဲ့ ဒုရဲအုပ် အပါဝင် ရဲတပ်သား ၄ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

လေးမျက်နှာမြို့အမှတ် ၁ ရပ်ကွက်က အသက် ၂ဝ ကျော်အရွယ် လူငယ်တယောက်ကို မတ် ၂ ရက်မှာ နိုင်ငံရေး မသင်္ကာမှုနဲ့စခန်းခေါ်ပြီး ရဲတပ်သား ၄ ယောက်က ထုရိုက်စစ်ဆေးတဲ့အပြင် ဒုရဲအုပ် ဆိုသူက လူငယ်ရဲ့ ဦးခေါင်းကို သေနတ်နဲ့ချိန်စစ်ဆေးရင်း ပစ်သတ်လိုက်တာလို့ ဆိုပါတယ်။

“ပုဂ္ဂိုလ်ရေး မကျေနပ်ချက်တွေနဲ့ ညအချိန်မတော်အပြင် ထွက်တယ်ဆိုပြီး ဖမ်းစစ်တာလို့ သိရတယ်။ စစ်နေတုန်း သေနတ်နဲ့ခေါင်းကိုချိန်ပြီး ဆဲဆိုပြီး ပစ်သတ်လိုက်တာ။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်နေတာပေါ့။ ဟန်ပြသက်သက်လားတော့ မသိဘူး” လို့ လေးမျက်နှာ မြို့နယ်ရဲစခန်းနဲ့ နီးစပ်သူက ပြောပါတယ်။

စစ်ကောင်စီက လူငယ် သေဆုံးတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရိုက်နှက်စစ်ဆေးတဲ့ ဒုရဲအုပ် ကောင်းထက်လင်း အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ယောက်ကို မတ် ၃ ရက်နေ့ညက ဖမ်းဆီးပြီး တိုင်းက ညွှန်ကြားချက်အရ ခရိုင်အဆင့် ရဲအရာရှိတွေက လက်ရှိ စစ်ဆေးနေတာလို့ သိရပါတယ်။

ဒေသခံ တယောက်က "မိသားစုဘက်က မကျေနပ်တာကြောင့် ရဲအရာရှိတွေဆီ တင်ပြလို့ စစ်တာလို့ ပြောတာပဲ။ အရင်က အခုလိုဖြစ်စဉ်တွေရှိပေမဲ့ အကြောင်းမထူးခဲ့ပါဘူး” လို့  ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်ကလည်း လေးမျက်နှာမြို့နယ်မှာ နိုင်ငံရေးအကျဉ်းသူတယောက်ရဲ့ အမျိုးသားကို PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးသတ်ဖြတ်ခဲ့သေးတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013