
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငှက်ပျောဒိုင်းကျေးရွာအနီးမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတပ်သား ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းရဲ့ သတင်းနဲ့ပြန်ကြားရေးကနေ သိရပါတယ်။
အဆိုပါ ပျူတပ်သား ၂ ယောက်ကို ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းအနီး ငှက်ပျောဒိုင်းရွာအနီးမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ကန့်ဘလူခရိုင် တပ်ရင်း ၄ တာဝန်ရှိသူ ကိုဂျိုးဇက်က “ကျနော်တို့ အဖွဲ့စုံ နယ်မြေရှင်းလင်းရေး လုပ်ကိုင်ရင်း ဒီပျူစောထီး ၂ ဦးကို လက်နက်အပြည့်အစုံနဲ့ အရှင်ဖမ်းဆီးရမိခဲ့တာဗျ။ ဖမ်းဆီးရမိတဲ့ ပျူ ၂ ယောက်ကို ကျနော်တို့ စစ်ဆေးမေးမြန်းနေဆဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာမှာ ကန့်ဘလူခရိုင် အမှတ် ၄ တပ်ရင်းနဲ့ ကန့်ဘလူခရိုင် ပကဖ၊ ပအဖ၊ ပလဖ၊ PDF ပူးပေါင်းစစ်ကြောင်းတွေနဲ့ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ်ရှိ ငှက်ပျောဒိုင်းရွာအနီးကို နယ်မြေရှင်းလင်းရေး ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။
ကန့်ဘလူတောင်ခြမ်းက ရဲဘော်တယောက်က “စစ်သား ၂ ဦးကတော့ မဟုတ်ပါဘူးဗျ။ ပျူစောထီး ၂ ဦးပါ။ ကန့်ဘလူမြို့နယ် ပေကြီးရွာနဲ့ ငှက်ပျောဒိုင်းရွာတွေဆီ ဖြန့် စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းထဲမှာပါတဲ့ ပျူတွေဗျ။ သူတို့က တန့်ဆည်ဘက်ကို အင်အား ၁၅၀ နဲ့ စစ်ကူသွားကြတာကို သဘောမကျလို့ နေရစ်တာဖြစ်မယ်။ ကျနော်တို့ M22 တလက်၊ ကာဘိုင်တလက်နဲ့အတူ ဖမ်းမိခဲ့တာဗျ” လို့ ပြောပါတယ်။
ကန့်ဘလူမြို့နယ်တောင်ခြမ်းမှာရှိတဲ့ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ်ရှိ ငှက်ပျောဒိုင်းရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း တော်လှန်ရေးအင်အားစုတပ်တို့ စစ်ရေးအရှိန် တင်းမာနေတာကြောင့် ခရီးသွားကားတွေနဲ့ ကုန်ကားတွေလည်း လမ်းပိတ်မိနေကြပါတယ်။