Home
မြန်မာသတင်း
ခွင့်ပြန်အလုပ်သမားများ ပြည်တွင်း၌ပိတ်မိပြီး အခက်တွေ့ 
DVB
·
March 5, 2025
YANGON AIRPORT

ပြည်ပကနေ ခွင့်နဲ့ပြန်လည်ရောက်ရှိနေတဲ့ အလုပ်သမားတွေအနေနဲ့ ပြည်တွင်းကနေ ပြန်ထွက်မရတာကြောင့် လုပ်ငန်းခွင်ပြန်ဝင်ဖို့ အခက်တွေ့နေကြရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေဆီက သိရပါတယ်။ 

ခွင့်ပြန်အလုပ်သမားတွေအနေနဲ့ ပြည်ပအလုပ်အကိုင်သက်သေခံကတ် (OWIC) ထုတ်မရသေးတာကြောင့် လုပ်ငန်းခွင်ရှိရာ နိုင်ငံဆီ ပြန်မရဘဲ ပိတ်မိနေကြတာလို့ ဆိုပါတယ်။ 

မလေးရှားကနေ ခွင့်နဲ့ပြန်လည်ရောက်ရှိနေသူတယောက်က  “ပြန်ဖို့ပြင်ထားတဲ့ လေယာဥ်ရက်လည်း ကျော်သွားပြီ။ အလုပ်ကလည်း နောက်မှာ အရေးကြီးနေပြီ။ အလုပ်က ခွင့်ရက်ကျော်လို့ လက်မခံရင် ဒုက္ခရောက်မှာ တော်တော် သောကများရပါတယ်” လို့ ပြောပါတယ်။

စင်ကာပူနိူင်ငံကနေ ပြန်ရောက်နေသူတယောက်ကလည်း OWIC ကတ်လုပ်မရလို့ ပြန်ထွက်မရတာကြောင့် အလုပ်ပြုတ်မှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။ 

“အလုပ်ရှင်ကိုတော့ ဒီက အခက်အခဲပြောပြပြီး တောင်းပန်ထားရတယ်။ သူတို့က ဘယ်လောက်ကြာကြာ စောင့်ပေးနိုင်မှာလဲ။ အရမ်းကြီးကြာနေရင် တခြားအလုပ်သမား အစားထိုးသွားမှာ။” 

လက်ရှိမှာ OWIC ကတ်ရှိပြီးသား ခွင့်ပြန်အလုပ်သမားတွေက ပြန်ထွက်လို့ရနေသေးပေမဲ့ အဲဒီကတ် မလုပ်ရသေးသူတွေကတော့ ပြန်ထွက်မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ဖေဖော်ဝါရီလလယ်ပိုင်းကစပြီး OWIC ကတ် ထုတ်ပေးတာကို ရုတ်တရက်ရပ်နားလိုက်တာကြောင့် ပြည်ပထွက်မယ့်အလုပ်သမားတွေ အလုံးအရင်းနဲ့ ပိတ်မိနေတာလည်းဖြစ်ပါတယ်။ 

အဲဒီမတိုင်ခင်က ခွင့်ပြန်အလုပ်သမားတွေအနေနဲ့ မိသားစုဆီလွှဲပို့ငွေ အထောက်အထား၊ ဝင်ငွေခွန်ပေးဆောင်ထားတဲ့ စလစ်နဲ့ အလုပ်ရှင်ဆီက ခွင့်စာပါရင် OWIC ကတ် လျှောက်လို့ရကာ ပြန်လည်ထွက်ခွာခွင့်ပေးခဲ့ပါတယ်။  

ဒါကြောင့် OWIC ကတ်မရှိသေးတဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေအနေနဲ့ ခွင့်နဲ့ပြန်ကာ မြန်မာနိုင်ငံရောက်မှ OWIC ကတ်ထုတ်ပြီး ပြန်ထွက်မယ်ဆိုကာ ဝင်ရောက်လာခဲ့ကြသူတွေ ရှိခဲ့တယ်လို့ သက်ဆိုင်ရာအလုပ်သမားတွေက ဆိုပါတယ်။  

စင်ကာပူရောက်မြန်မာလုပ်သားတယောက်က “ပထမတော့ ကိုယ်တွေလည်း ခွင့်နဲ့ပြန်မလို့ လုပ်နေတာ၊ အခုပြန်ထွက်မရတာတွေ ဖြစ်နေတယ်ဆိုလို့ အစီအစဥ်ဖြတ်လိုက်ရတယ်။ တချို့ဆို မိသားစုနာရေးရှိတာတောင် ပြန်ထွက်မရမှာစိုးလို့ မပြန်တော့တဲ့သူတွေရှိတယ်” လို့ ပြောပါတယ်။ 

အဲဒီလို ပြန်ထွက်မရတဲ့ အခြေအနေမျိုးတွေ ရှိနေတာကြောင့် နိုင်ငံခြားရောက် ​လုပ်သားတချို့အနေနဲ့ ကြားနိုင်ငံတခုမှာ မိသားစုနဲ့တွေ့ဖို့ စီစဥ်ရတာမျိုးတွေ ရှိလာတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီက လူငယ်တွေ ပြည်ပထွက်ခွာတာကို တင်းကျပ်စွာ တားဆီးနေသလို လမ်းကြောင်းကြေးတောင်းပြီး ငွေရှာတာတွေလည်း ဆိုးရွားစွာပြုမူနေတယ်လို့ အဲဒီလမ်းကြောင်းနဲ့နီးစပ်သူတွေက ပြောပါတယ်။ 

လက်ရှိမှာ ပြည်ပထွက်ဖို့ အဆင်သင့်ဖြစ်နေပြီး နောက်ဆုံးအဆင့်ဖြစ်တဲ့ OWIC ကတ်ထုတ်မရဘဲ ပိတ်မိနေတဲ့ အလုပ်သမား ၇၀,၀၀၀ နီးပါး ရှိနေတယ်လို့ အေဂျင်စီတချို့ဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013