
အိန္ဒိယနိုင်ငံတောင်ပိုင်း၊ တယ်လန်းဂါနာပြည်နယ်မှာ ဥမင်လိုဏ်ခေါင်း ပြိုကျမှုကြောင့် ပိတ်မိနေတဲ့ အလုပ်သမား ၈ ယောက်ကို ကယ်ဆယ်ဖို့အတွက် အိန္ဒိယအာဏာပိုင်တွေရဲ့ တာဝန်ပေးချက်အရ “ကြွက်တွင်းလုပ်သားများအဖွဲ့” လို့ခေါ်တဲ့ မိုင်းတွင်းလက်တူးသမားအဖွဲ့တဖွဲ့ဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရောက်ရှိလာပါတယ်။
“ကြွက်တွင်းလုပ်သားများအဖွဲ့” ရဲ့ အလုပ်လုပ်ပုံဟာ ကြွက်တွေ တွင်းတူးပုံနဲ့ ဆင်တူပြီး လူတကိုယ်ဝင်စာ တွင်းအရွယ်အစားတွေ တူးတတ်တာကြောင့် အဖွဲ့ရဲ့အမည်ကိုလည်း “ကြွက်တွင်းလုပ်သားများအဖွဲ့” လို့ နာမည်ပေးထားတာပါ။
အိန္ဒိယနိုင်ငံ၊ အန်ဒရာပရာဒေ့ရှ်ပြည်နယ်၊ ဆရီဆိုင်လမ်မြို့ရှိ လက်ဝဲဘက်ကမ်း တူးမြောင်းစီမံကိန်းမှာ ဖေဖော်ဝါရီ ၂၂ ရက်က ဥမင်လိုဏ်ခေါင်းတခုရဲ့ အပိုင်းတပိုင်း ပြိုကျခဲ့ချိန်မှာ လိုဏ်ခေါင်းထဲရှိ အလုပ်သမားတစု ရှိနေခဲ့ပြီး ၈ ယောက် ပိတ်မိခဲ့ကြောင်း ဒေသတွင်း သတင်းအေဂျင်စီ ANI က ပြောကြားခဲ့ပါတယ်။
ဒီနေရာရဲ့ အကြီးဆုံးပြဿနာက ရေစိမ့်နေပြီး လိုဏ်ခေါင်းတည့်တည့်မှာ လျှောစောက် ရှိနေတာပဲလို့ “ကြွက်တွင်းလုပ်သားများအဖွဲ့” က အဖွဲ့ဝင် မိုဟာမက် အီရ်ရှဒ် အန်ဆရီက တနင်္လာနေ့မှာ ပြောပါတယ်။
၁၆ ပေလောက်အကွာမှာ တောင်စောင်းတခု ရှိနေတယ်လို့ ဒီနေရာမှာ အလုပ်လုပ်တဲ့ ဒေသခံ အလုပ်သမားတွေဆီက သတင်းရရှိထားပြီး ဥမင်လိုဏ်ခေါင်း ပြိုကျတုန်းက လိုဏ်ခေါင်းချဲ့ စက်ကိရိယာကြီးက နောက်ပြန်ရွေ့သွားတာကြောင့် လုပ်ရကိုင်ရ ခက်မယ့်ပုံရှိတယ်လို့ ဆိုပါတယ်။
လိုဏ်ခေါင်းအတွင်းပိုင်းကို ကင်မရာထည့်လို့ရအောင်လုပ်ပြီး ကင်မရာနဲ့ အတွင်းပိုင်းကို ခြေရာခံပြီးတော့ မော်နီတာတွေရဲ့ အကူအညီနဲ့ အခြေအနေကို ကြည့်ရှုလို့ရနိုင်ကြောင်း အန်ဒိုစကုပ်(ပ်) အော်ပရေတာ ဒေါင်းဒိ(ပ်) က ပြောပါတယ်။
ခရိုင်အရာရှိ ဘာဒါဗာ့သ် ဆန်းသို့ရှ် ကတော့ အရင်နေ့ကလည်း အဖွဲ့တဖွဲ့ ဝင်ကြည့်ခဲ့ပြီးတော့ ရေစုပ်ထုတ်တဲ့ လုပ်ငန်းစဉ်တွေကို အကြံပြုခဲ့ကြောင်းနဲ့ အခုလည်း နောက်ထပ် ပန့်တွေ ထပ်ထည့်ထားပြီး ရေတွေစုပ်ထုပ်ဖို့ လုပ်ဆောင်နေကြောင်း ပြောပါတယ်။
“ကြွက်တွင်းလုပ်သားများအဖွဲ့” ဟာ ၂၀၂၃ ခုနှစ်က ဟိမဝန္တာတောင်တန်းရှိ ပြိုကျနေတဲ့ ဥမင်လိုဏ်ခေါင်းတခုက အလုပ်သမား ၄၁ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
အန္တရာယ်များပြီး အငြင်းပွားစရာနည်းလမ်းဖြစ်တဲ့ “ကြွက်တွင်း” မိုင်းတူးခြင်းကို အရှေ့မြောက်ပိုင်း မီဂါလာယာပြည်နယ်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ သေဆုံးမှုတွေ ရှိတာကြောင့် ၂၀၁၄ ခုနှစ်တုန်းက တရားရုံးရှေ့မှောက်မှာ ပိတ်ပင်ခဲ့ပါတယ်။
Source : Reuters