Home
မြန်မာသတင်း
ရုရှားကို လုပ်သားစေလွှတ်မယ့်ကိစ္စ အလုပ်သမားတွေ ဘာတွေသိထားသင့်လဲ
DVB
·
March 1, 2025
Photo ; Reuters

မြန်မာလုပ်သားတွေကို ရုရှားနိုင်ငံဆီ စေလွှတ်ဖို့အတွက် နှစ်နိုင်ငံသဘောတူစာချုပ် (MoU) လက်မှတ်ရေးထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီသြဇာခံ အလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီအနေနဲ့ ဇန်နဝါရီလကုန်ကစပြီး ပြည်ပကို လုပ်သားစေလွှတ်တာနဲ့ ပတ်သက်ပြီး ကန့်သတ်တာတွေ လုပ်လာသလို ဖေဖော်ဝါရီလလယ်ပိုင်းကစလို့ ပြည်ပလုပ်သားစေလွှတ်ရေး လုပ်ငန်းစဥ်တွေ ရပ်ထားခဲ့ပေမဲ့ ရုရှားနိုင်ငံကို မြန်မာလုပ်သားစေလွှတ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ 

စစ်ကောင်စီက ရုရှားကို ကုန်ကျစရိတ်မဲ့နဲ့ လုပ်သားစေလွှတ်မှာဖြစ်ပြီး ပြင်ဆင်နေတုန်း ဖြစ်ပေမဲ့ ရုရှားသွားမယ့် လုပ်သားတွေအနေနဲ့ သတိထားရမှာတွေရှိတယ်လို့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် တာဝန်ရှိသူတဦးက ပြောပါတယ်။

“ရုရှားကတော့ ကျနော်တို့က employer payment ဖြစ်တဲ့အတွက် အလုပ်သမားတွေက ဝန်ဆောင်စရိတ် ပေးစရာမလိုဘူး။ ဟိုဘက်ကနေ ပေးတာဖြစ်တယ်။ အားလုံး ကုန်ကျစရိတ် zero cost ပေါ့။ အခုချိန်မှာ ကျနော်တို့အနေနဲ့ ပြောနိုင်တာတခုကတော့ SOA ရေးဆွဲဖို့ ပြင်ဆင်ထားတယ်။ MOU ထိုးထားဖို့ကလည်း မပြီးသေးပါဘူး။ အဲ့ဒီအတွက်ကြောင့်မို့ အရမ်းကြီး လုပ်ဖို့ ဆန္ဒစောပြီးတော့ မအပ်ကြဖို့အတွက်ကို ကျနော်က အလုပ်သမားတွေကို ပြောချင်ပါတယ်။ အဲ့တော့ သွားမယ်လို့ ဆုံးဖြတ်ပြီးရင် ဘာသာစကား သင်ရမယ်၊ အခြေခံအကြမ်းဖျင်းပေါ့နော်။ ပြီးတော့ ရာသီဥတု အအေးဒဏ်ခံနိုင်လားဆိုတာကို သိရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အရမ်းအေးတယ်လေ။ အဲ့ဒါလေးကိုလည်းပဲ ရုရှားဆိုပြီးတော့၊ ကိုယ်လုပ်နိုင်သလားဆိုတာ အဓိကထား စဉ်းစားထား ဆုံးဖြတ်ပြီးမှ ရုရှားကို သွားဖို့ ပြင်ဆင်ပါလို့ ပြောချင်ပါတယ်။‌

စစ်ကောင်စီက မြန်မာလုပ်သားတွေကို ရုရှားနိုင်ငံဆီ စေလွှတ်ဖို့ MoU လက်မှတ်ရေးထိုးနိုင်ရေး၊ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်ဆိုင်ရာ ကိစ္စရပ်တွေနဲ့ စပ်လျဉ်းတဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီက ရုရှားကို အလုပ်သမားစေလွှတ်ဖို့ ပြီးခဲ့တဲ့နှစ်ကတည်းက ကြိုးစားနေတာဖြစ်ပြီး ရုရှားနိုင်ငံကတော့ စက်ရုံ၊ ကုန်ထုတ်နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် လုပ်သားလိုအပ်ချက်တွေ ရှိနေပါတယ်။

လုပ်သားလိုအပ်ချက်တွေရှိနေတဲ့ ရုရှားနိုင်ငံကို အလုပ်သမားအေဂျင်စီအယောင်ဆောင်ကာ ရုရှားစစ်တပ်ထဲ ခေါ်သွင်းခံရတာတွေနဲ့ ကြေးစား စစ်သားဖြစ်သွားကြတဲ့ ဥပမာတွေရှိတယ်လို့ စင်ကာပူအခြေစိုက် နိုင်ငံရေးသုတေသီတယောက်က သတိပေးပါတယ်။

“အိန္ဒိယနိုင်ငံသားတွေ ရုရှားမှာ အလုပ်သွားလုပ်ပေမဲ့ စစ်တပ်ကို ရောက်သွားတယ် ဆိုတဲ့ဟာမျိုးပေါ့။ ဒီမှာက ၂ ခုတော့ ရှိတယ်ပေါ့နော်။ ယူကရိန်းဘက်က ထွက်လာတဲ့ သတင်းတွေအရ စွပ်စွဲတာကတော့ ဒါ အလုပ်သမား‌ အေဂျင်စီလို့ ပြောပြီးတော့ အလိမ်ခံရတာပေါ့ဗျာ။ ဒါတွေ ရှိတာပေါ့ဗျာ။ ဥပမာ နီပေါမှာဆိုရင်လည်း ဒီလိုမျိုး အလိမ်ခံရတာတွေ ရှိတယ်ပေါ့။ နီပေါမှာ ဆိုရင် အင်္ဂလိပ် စစ်တပ် ဂေါ်ရခါးတပ်ထဲကို ဝင်ဖို့ ကြိုးစားကြတဲ့ လူငယ်တွေကို ရုရှားကို ခေါ်သွားတာမျိုးတွေ ရှိတယ်ပေါ့နော်။ နောက်တမျိုးကျတော့ ရုရှားရောက်ပြီးတဲ့အခါကျတော့မှ ရာသီဥတု ပြင်းထန်တာတွေ၊ လုပ်ခလစာ နည်းတာတွေကြောင့်မို့ လုပ်ခလစာများများနဲ့ ရာသီဥတုတော့ ပြင်းမယ်၊ အသက်အန္တရာယ်ရှိပေမဲ့ ကြေးစား စစ်သားလုပ်မယ်ဆိုရင် လုပ်ခလစာ အများကြီး ရမယ်ဆိုတဲ့ မက်လုံးကြောင့် ရုရှားရောက်ပြီးမှ ရုရှားစစ်တပ်ထဲကို ဝင်သွားတာတွေလည်း ရှိတယ် ပေါ့နော်။”

မြန်မာလုပ်သားတွေဟာ ထိုင်း၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ လာအို၊ စတဲ့နိုင်ငံတွေကို သွားအလုပ်လုပ်ကြတာများပြီး ရုရှားနိုင်ငံကို သွားအလုပ်လုပ်မှာတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီက PJ ပတ်စ်ပို့ ကိုင်ထားသူတွေကို ပြည်ပအလုပ်အကိုင် သက်သေခံကတ် (OWIC) ကတ် ထုတ်ပေးတာကို ရပ်နားထားပြီး ပြည်ပထွက်ခွာခွင့်ကို ထိန်းချုပ်ထားပါတယ်။

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013