Home
နိုင်ငံတကာ
အီဂျစ် အဆိုပြုသည့် ဂါဇာပြန်တည်ဆောက်ရေး အစီအစဉ်သစ် အာရပ်နိုင်ငံများ သဘောတူ
DVB
·
March 5, 2025
Photo: Reuters

အီဂျစ်မြို့တော် ကိုင်ရိုမှာ ကျင်းပသွားတဲ့ အရေးပေါ် ထိပ်သီးအစည်းအဝေးအတွင်း အာရပ်နိုင်ငံ ခေါင်းဆောင်တွေက ဒေါ်လာ ၅၃ ဘီလီယံ ကုန်ကျမယ့် ဂါဇာပြန်လည်တည်ဆောက်ရေး အစီအစဉ်ကို ထောက်ခံခဲ့ကြပါတယ်။

ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစီအစဉ်အပေါ် တန်ပြန်တဲ့အနေနဲ့ အီဂျစ်နိုင်ငံက စာမျက်နှာ ၉၁ ရွက်ပါ အသေးစိတ် စီမံချက်တရပ်ကို အဆိုပြုခဲ့တာပါ။

အဆင့် ၃ ဆင့် ပါဝင်မယ့် အစီအစဉ်သစ်အရ ပထမပိုင်း ပြန်လည်ထူထောင်ရေးက ၆ လလောက် ကြာမြင့်မှာဖြစ်သလို ကျန်တဲ့ နောက်ဆက်တွဲ ၂ ဆင့်ကိုတော့ နှစ်နဲ့ချီပြီး အချိန်ယူရနိုင်တယ်လို့ ဖော်ပြထားပါတယ်။

အစောပိုင်းကာလက စစ်ဘေးဒဏ်သင့် အပျက်အစီးပုံကြီးတွေနဲ့ မပေါက်ကွဲသေးတဲ့ဗုံးတွေကို စတင်ရှင်းလင်းဖို့ဖြစ်ပြီး ခမ်းနားတဲ့ အစိုးရအဆောက်အအုံတွေ၊ စိမ်းလန်းတဲ့ ရပ်ကွက်တွေရဲ့  ဓာတ်ပုံတွေအထိ ပါဝင်ပါတယ်။

ထရမ့်ပ် အဆိုပြုထားတဲ့ အစီအစဉ်က ဂါဇာဒေသခံ ပါလက်စတိုင်း ၂ သန်းကျော်ကို အပြီးတိုင်ဖယ်ရှားကာ “အရှေ့အလယ်ပိုင်းဒေသရဲ့ ပင်လယ်ကမ်းခြေမြို့” ဖြစ်အောင် တည်ဆောက်သွားမှာပါ။

ဒေသတွင်း အင်အားကြီးနိုင်ငံ ၂ ခုဖြစ်တဲ့ ဆော်ဒီနဲ့ ယူအေအီးရဲ့ ခေါင်းဆောင်တွေကတော့ အာရပ်ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

ပါလက်စတိုင်းအစိုးရ လက်အောက်ခံ စီမံရေးကော်မတီတရပ် ဖွဲ့စည်းကာ ဟားမတ်စ်နဲ့ ဆက်နွယ်မှုမရှိဘဲ နိုင်ငံရေးအရ ဩဇာကြီးတဲ့ ခေါင်းဆောင်တွေက ဂါဇာဒေသကို ယာယီအုပ်ချုပ်ဖို့အတွက် တင်ပြထားပါတယ်။

စစ်ပွဲအလွန်ကာလမှာ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့  ဟားမတ်စ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဒေသတွင်းနိုင်ငံတွေကြား သဘောထားကွဲလွဲမှု ရှိနေပြန်ပါတယ်။

အာရပ်နိုင်ငံတချို့က ဟားမတ်စ်အဖွဲ့ အလုံးစုံဖျက်သိမ်းရေးကို တောင်းဆိုနေကြတာဖြစ်ပြီး တချို့နိုင်ငံတွေကတော့ ပါလက်စတိုင်းတွေသာ ဒါကိုဆုံးဖြတ်သင့်တယ်လို့ ယုံကြည်ထားပါတယ်။

ဟားမတ်စ်ဘက်က​ ဂါဇာအုပ်ချုပ်ရေးပိုင်းမှာ ပါဝင်ဖို့ မရှိပေမဲ့လည်း လက်နက်စွန့်လွှတ်ရေးကိုတော့ လုံးဝလက်မခံနိုင်တဲ့အကြောင်း တုံ့ပြန်ထားပါတယ်။

ဂါဇာဒေသမှာရှိတဲ့ လူနေအဆောက်အအုံ ၉၀ ရာခိုင်နှုန်းဟာ စစ်ဘေးဒဏ်ကြောင့် ပျက်စီးသွားတဲ့အပြင် အဲဒီထဲမှာ ကျောင်းတွေ၊ ဆေးရုံတွေ၊ ရေဆိုးစနစ်နဲ့ လျှပ်စစ်မီးလိုင်းအထိ ပါဝင်တယ်ဆိုပြီး ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါကြောင့် နောက်လထဲမှာ ဂါဇာ ပြန်တည်ဆောက်ရေးအတွက် လိုအပ်တဲ့ငွေပမာဏ အများအပြား ရှာဖွေနိုင်ဖို့​နဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ညီလာခံကြီးတခု ကျင်းပသွားမယ်လို့ သိရပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013