
ဒီတပတ် ဓားစာခံနဲ့ အကျဉ်းသားလဲလှယ်ရေးအစီအစဉ်အရ အစ္စရေးဓားစာခံ ၆ ယောက် ထပ်လွတ်လာပေမဲ့ ပါလက်စတိုင်းအကျဉ်းသား ၆၀၀ လွှတ်ပေးဖို့ကို အစ္စရေးဘက်က ဆိုင်းငံ့လိုက်ပါတယ်။
ဟားမတ်စ်ဘက်က ဓားစာခံနောက် တသုတ်ထပ်လွှတ်ဖို့ အာမခံချက်ပေးဖို့နဲ့၊ အပတ်တိုင်း လုပ်နေသလိုမျိုး ဓားစာခံတွေ လွှတ်ပေးတဲ့အခါတိုင်း သိက္ခာချအရှက်ရစေတဲ့ အခမ်းအနားမျိုး ထပ်မလုပ်တာ သေချာမှသာ အကျဉ်းသားတွေ လွှတ်ပေးတော့မယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောပါတယ်။
၂၀၂၃ အောက်တိုဘာ ၇ ရက်တုန်းက ပြန်ပေးဆွဲသွားခဲ့သူ ၄ ယောက်အပါအဝင် အစ္စရေးဓားစာခံ ၆ ယောက်ကို ဟားမတ်စ်က စနေနေ့မှာ ထပ်လွှတ်ပေးခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲမှု ပထမအဆင့်မှာ ဓားစာခံလွှဲပြောင်းမှုလုပ်ဖို့က နောက်ထပ် တကြိမ်ပဲ ကျန်တော့ပြီး ဖမ်းထားတဲ့အချိန် သေဆုံးသူ ၄ ယောက်ရဲ့ ရုပ်အလောင်းတွေပါ ပါဝင်မှာဖြစ်ပါတယ်။
အပစ်ရပ်ဒုတိယအဆင့်မှ လွှတ်ပေးမယ့် အသက်ရှင်ကျန်နေဆဲ ဓားစာခံတွေ လွှဲပေးဖို့ ကိစ္စကလည်း ဘာမှ မစီစဉ်ရသေးပါဘူး။
ကြားဝင်ညှိနှိုင်းသူတွေကတော့ အပစ်ရပ်ထားတာ မပျက်ပြားဖို့ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။ ဟားမတ်စ်အဖွဲ့ဟာ ဓားစာခံတွေကို ဝါဒဖြန့်ချိရေးအတွက် အောက်တန်းကျစွာ အသုံးချနေတာအပါအဝင် အပစ်ရပ် သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်တယ်လို့ နေတန်ယာဟုက စွပ်စွဲထားပါတယ်။
ဟားမတ်စ် တာဝန်ရှိသူကလည်း အစ္စရေးဘက်က သဘောတူထားတဲ့အတိုင်း အကျဉ်းသားတွေ လွှတ်မပေးဘဲ ရွှေ့ဆိုင်းခဲ့မှုကို ဝေဖန်ခဲ့ပါတယ်။
ဓားစာခံလွှဲပြောင်းတဲ့ အခမ်းအနားတွေဟာ အပစ်ရပ်သဘောတူညီချက်အတိုင်း လုပ်တာလို့လည်း ဟားမတ်စ်က တုံ့ပြန်ထားပါတယ်။
လက်ရှိမှာ ဟားမတ်စ်အဖွဲ့က ၂၀၂၃ တုန်းက ဖမ်းခေါ်သွားတဲ့ဓားစာခံထဲက ၆၂ ဦး ကျန်နေသေးပြီး အဲဒီအထဲက ထက်ဝက်လောက်ဟာ အသက်ရှင်ဦးမယ်လို့ ယူဆထားပါတယ်။
ဟားမတ်စ်တွေက ဖေဖော်ဝါရီ ၂၂ ရက်မှာ ပြန်လွှတ်ပေးလိုက်တဲ့ အစ္စရေး ဓားစာခံ ၆ ယောက်ဟာ ဆေးရုံမှာ ဆေးကုသခံနေဆဲပဲလို့ အစ္စရေး ကျန်းမာရေးအရာရှိတယောက်က ပြောပါတယ်။
အောက်တိုဘာ ၇ ရက်ကတည်းက ရက်ပေါင်း ၅၀၅ ရက်တိုင်တိုင် ဖမ်းဆီးခံထားရတဲ့ကာလရဲ့ အဆုံးသတ်မှာ ဓားစာခံ ၆ ယောက်ဟာ မိသားစုတွေရှိရာ သူတို့ အိမ်ကို ပြန်လာခဲ့ပါတယ်။
ကနဦး စစ်ဆေးအပြီး သူတို့ကို စောင့်နေတဲ့ မိသားစုတွေ သူငယ်ချင်းတွေနဲ့ တွေ့ဖို့ အီချီလာံဗ်နဲ့ ဘေးလင်ဆန်ဆေးရုံတွေဆီ ပို့ထားပြီး ဆေးဘက်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ပြန်လည်ထူထောင်ရေး ဆိုင်ရာ ကုသမှုတွေကို သူတို့ ခံယူနေတယ်လို့ အစ္စရေး ကျန်းမာရေးဝန်ကြီးဌာန အထွေထွေ ဆေးဝါးဌာန အကြီးအကဲ ဟာဂါ မဇ်ရာဟီက ပြောပါတယ်။
အစ္စရေး-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအဖြစ် အသက် ၂၇ နှစ်အရွယ် အီလီယာ၊ ၂၂ နှစ်အရွယ် အိုမာရှမ်၊ ၂၃ နှစ်အရွယ် အိုမာဝမ်ခါ့က်၊ အသက်၄၀ အရွယ် တဲလ် ရှိုဟမ်၊ အသက် ၃၆နှစ်အရွယ် ဟီရှမ်အယ်လ်ဆေးယဒ်၊ အသက် ၃၉နှစ်အရွယ် အာဗေရာ မန်ဂျစ်စုတို့ကို ပါလက်စတိုင်း အကျဉ်းသားနဲ့ ထိမ်းသိမ်းခံ ရာချီနဲ့ လဲလှယ်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters