
အဆုံးမသတ်နိုင်တဲ့ စစ်ပွဲတွေ၊ ထပ်ကျော့ဖြစ်ပေါ်နေတဲ့ လူသားအတိဒုက္ခတွေနဲ့ မဆုံးနိုင်တဲ့ည ကမ္ဘာ့ရန်၊ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအကြောင်း၊ ပါလက်စတိုင်းဒေသ သမိုင်းနောက်ခံနဲ့ နိုင်ငံနှစ်ခု ဖြေရှင်းနည်း ဆိုတာဘာလဲ၊ ထရမ့်ပ်နည်းနဲ့ အီဂျစ်နည်း ဘယ်နည်း အကောင်အထည် ဖော်နိုင်မလဲ၊ ကမ္ဘာ့ရန် ဘယ်ကစခဲ့သလဲ၊ ဘယ်မှာဆုံးမလဲ ဆိုတာ တင်ဆက်သွားမှာ ဖြစ်ပါတယ်။
အစ္စရေးနဲ့ အာရပ်နိုင်ငံတွေကြား စစ်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ခဲ့ပါတယ်။ ပါလက်စတိုင်းတွေရဲ့ (အင်တီဖာဒါ လို့ခေါ်တဲ့) တော်လှန်အုံကြွမှုတွေ ဖြစ်ခဲ့သလို အစ္စရေးရဲ့ လက်တုံ့ပြန်မှုတွေ၊ နှိမ်နင်းမှုတွေလည်း ရှိခဲ့ပါတယ်။
မြေ၊ နယ်နိမိတ်နဲ့ အခွင့်အရေးအတွက် သမိုင်းနဲ့ချီတဲ့ အငြင်းပွားမှုရဲ့ အကျိုးဆက်တွေ ခံစားနေရဆဲ ဖြစ်ပြီး အခု ဂါဇာမှာ အစ္စရေးနဲ့ ဟားမတ်စ် ဖြစ်တဲ့ စစ်ပွဲဟာ အဲဒီအကျိုးဆက်တွေထဲက နောက်ဆုံးတခုလို့ ပြောလို့ရပါတယ်။
နိုင်ငံတခုမွေးဖွားခြင်း
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဟာ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးနဲ့ သွေးထွက်သံယိုအများဆုံး ပဋိပက္ခတခု ဖြစ်သလို ရာစုနှစ်နဲ့ချီတဲ့ သမိုင်းနောက်ခံလည်း ရှိနေပါတယ်။
ပထမကမ္ဘာစစ်မှာ အော်တိုမန်အင်ပါယာ ကျဆုံးပြီးတဲ့နောက် အင်ပါယာလက်အောက်က အရှေ့အလယ်ပိုင်းနယ်မြေတခုဖြစ်တဲ့ ပါလက်စတိုင်းဒေသလို့ ခေါ်တဲ့နေရာကို ဗြိတိန်က ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီတုန်းက ဒီနေရာမှာ အာရပ်လူများစုနဲ့ ဂျူးလူနည်းစုအပြင် တခြားလူမျိုးစုတွေပါ နေထိုင်ခဲ့ကြပါတယ်။
ဂျူးလူမျိုးတွေအတွက် “အမျိုးသားနေရပ် (national home)” တခုကို ပါလက်စတိုင်းမှာ တည်ထောင်ဖို့ ဗြိတိန်က ဘဲလ်ဖော ကြေညာချက်နဲ့ သဘောတူပေးခဲ့တဲ့အချိန်မှာ ဂျူးတွေနဲ့ အာရပ်တွေအကြား တင်းမာမှုတွေ ပိုကြီးထွားလာခဲ့ပါတယ်။
ဂျူးလူမျိုးတွေဟာ ဒီမြေနဲ့ သမိုင်းအစဉ်အလာအရ ဆက်နွှယ်မှုရှိသလို ပါလက်စတိုင်း အာရပ်တွေကလည်း ဒီမှာနေခဲ့တာ ရာစုနှစ်များစွာကြာပြီလို့ ဆိုကြပါတယ်။ ဒါ့ကြောင့် ဂျူးတွေ အခြေချမှာကို ကန့်ကွက်ခဲ့ကြပါတယ်။ အဲဒီမှာ နေထိုင်နေတဲ့ ပါလက်စတိုင်း အာရပ်တွေရဲ့ အခွင့်အရေးကို ကာကွယ်ရမယ်လို့ ဗြိတိန်က ပြောခဲ့ဖူးပါတယ်။
၁၉၂၀ ကနေ ၁၉၄၀ ပြည့်နှစ်တွေထဲမှာတော့ ဥရောပမှာ ညှဉ်းပန်းနှိပ်စက်ခံရလို့ ထွက်ပြေးလာတဲ့ ဂျူးလူမျိုး အများအပြား ရောက်ရှိလာတာကြောင့် ဂျူးဦးရေ တိုးပွားလာခဲ့ပါတယ်။ ဟော်လိုကော့စ် အဖြစ်ဆိုးကြီးထဲမှာ ဂျူး ၆ သန်း သတ်ဖြတ်ခံရတာကြောင့် ဘေးကင်းရာ ခိုလှုံစရာ နေရာတခု ရဖို့က ပိုအရေးတကြီး ဖြစ်လာခဲ့ပါတယ်။
ဒီဒေသက ဂျူးလူဦးရေဟာ ၁၉၄၇ အရောက်မှာတော့ ၆၃၀,၀၀၀ (လူဦးရေစုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းကျော်) အထိ ရောက်ရှိလာခဲ့ပါတယ်။
၁၉၄၇ မှာ ဗြိတိသျှအုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ အုံကြွမှုတွေ အားကောင်းလာသလို ဂျူးနဲ့ အာရပ်တွေအကြား ပဋိပက္ခတွေ တိုးပွားလာချိန်မှာ ကုလသမဂ္ဂက ပါလက်စတိုင်းဒေသကို ဂျူးနဲ့ အာရပ်နိုင်ငံတွေအဖြစ် ခွဲခြားဖို့ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ ဂျေရုဆလင်ကတော့ နိုင်ငံတကာမြို့တော် ဖြစ်လာရမယ်လို့ အဲဒီတုန်းက ရည်ရွယ်ခဲ့ကြတာပါ။
အာရပ်နိုင်ငံတွေကတော့ ဒီအစီအစဉ်ကို မထောက်ခံခဲ့ပါဘူး။ ဂျူးတွေရဲ့ လူဦးရေက နည်းပေမဲ့ သူတို့ကို မြေပိုပေးတယ်လို့ ကန့်ကွက်ခဲ့ကြပါတယ်။
ဗြိတိန်ကတော့ လက်ရှောင်နေခဲ့ပါတယ်။ ဆုတ်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး ၁၉၄၈ ခုနှစ် မေလ ၁၄ ရက်နေ့မှာ ပြဿနာကို ကုလသမဂ္ဂထံ လွှဲပြောင်းပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဗြိတိသျှအုပ်ချုပ်ရေး အဆုံးမသတ်ခင် နာရီပိုင်းအလိုမှာပဲ ပါလက်စတိုင်းဒေသက ဂျူးခေါင်းဆောင်တွေဟာ အစ္စရေးလို့ခေါ်တဲ့ လွတ်လပ်တဲ့နိုင်ငံတခု ထူထောင်ကြောင်း ကြေညာခဲ့ပါတယ်။ အစ္စရေးကို နောက်တနှစ်မှာ ကုလသမဂ္ဂက အသိအမှတ်ပြုခဲ့ပါတယ်။
၁၉၄၈ အာရပ်-အစ္စရေး စစ်ပွဲ
လွတ်လပ်ရေးကြေညာပြီး နောက်တနေ့မှာပဲ အာရပ်နိုင်ငံ ၅ နိုင်ငံက စစ်တပ်တွေ အစ္စရေးနိုင်ငံသစ်ကို ဝိုင်းတိုက်ခိုက်ခဲ့ကြပါတယ်။ အစ္စရေးမှာတော့ ဒီစစ်ပွဲကို လွတ်လပ်ရေးစစ်ပွဲလို့ ထင်ရှားပါတယ်။
၁၉၄၉ အပစ်ရပ်လိုက်ချိန်မှာတော့ အစ္စရေးက နယ်မြေအများစုကို ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။
သဘောတူညီချက်တွေအရ အီဂျစ်က ဂါဇာကမ်းမြောင်၊ ဂျော်ဒန်က အနောက်ဘက်ကမ်းနဲ့ အရှေ့ဂျေရုဆလင်၊ အစ္စရေးက အနောက်ဂျေရုဆလင်ကို ထိန်းချုပ်ခဲ့ပါတယ်။
ပါလက်စတိုင်း ၇၅၀,၀၀၀ လောက် သူတို့ရဲ့ နေအိမ်တွေကနေ ထွက်ပြေးခဲ့ရတာ၊ အတင်းအကျပ် မောင်းထုတ်ခံခဲ့ရတာတွေ ဖြစ်ခဲ့ပြီး ဒုက္ခသည်တွေ ဖြစ်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို အာရဗီလို နက်ခ်ဘာ (ကပ်ဆိုးကြီး) လို့ ခေါ်ကြပါတယ်။
နောက်ပိုင်းနှစ်တွေမှာတော့ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကမှာရှိတဲ့ မွတ်ဆလင်လူများစု နိုင်ငံတွေကနေ ဂျူးထောင်ချီ ထွက်ခွာခဲ့ကြတာ၊ နှင်ထုတ်ခံခဲ့ရပြီး အများစုက အစ္စရေးနိုင်ငံသစ်ဆီ လာရောက်အခြေချခဲ့ကြပါတယ်။
၁၉၆၇ ရက် ၆၀ စစ်ပွဲ
ရက် ၆၀ စစ်ပွဲဟာ အရှေ့အလယ်ပိုင်း နယ်နိမိတ်တွေကို ပြောင်းလဲစေခဲ့ပြီး ပါလက်စတိုင်းတွေ အပေါ်မှာ ကြီးမားတဲ့ အကျိုးဆက်တွေ ဖြစ်စေခဲ့ပါတယ်။
အဲဒီစစ်ပွဲမှာ အစ္စရေးဟာ အီဂျစ်၊ ဆီးရီးယား၊ ဂျော်ဒန်တို့နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အီဂျစ်နဲ့ ဆီးရီးယားက တိုက်ခိုက်လာမယ်လို့ စိုးရိမ်တဲ့အတွက် အစ္စရေးက အီဂျစ်ရဲ့ လေတပ်ကို လက်ဦးမှုယူ တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲတွေ ပြီးဆုံးချိန်မှာ အစ္စရေးက အီဂျစ်ဆီကနေ ဆိုင်းနိုင်းကျွန်းဆွယ်နဲ့ ဂါဇာကမ်းမြောင်၊ ဆီးရီးယားဆီကနေ ဂိုလန်ကုန်းမြေမြင့် နေရာအများစု၊ ဂျော်ဒန်ဆီကနေ အရှေ့ဂျေရုဆလင်နဲ့ အနောက်ဘက်ကမ်းကို သိမ်းယူနိုင်ခဲ့ပါတယ်။
အနောက်ဘက်ကမ်း၊ ဂါဇာနဲ့ အရှေ့ဂျေရုဆလင်မှာ နေထိုင်တဲ့ ပါလက်စတိုင်း တသန်းလောက်ဟာ အစ္စရေးရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိသွားခဲ့ပါတယ်။
အစ္စရေးဟာ ဒီဒေသတွေကို မျက်မှောက်ခေတ်အထိ ဆက်လက်ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
၁၉၇၉ မှာ အစ္စရေးက အီဂျစ်နဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့ပြီး ဆိုင်းနိုင်းကျွန်းဆွယ်ကို ပြန်ပေးခဲ့ပါတယ်။
အရှေ့ဂျေရုဆလင်နဲ့ ဂိုလန်ကုန်းမြေမြင့်ကို အစ္စရေးပိုင်နက်အဖြစ် သွတ်သွင်းခဲ့ပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ အများစုကတော့ အသိအမှတ်မပြုခဲ့ကြပါဘူး။
အနောက်ဘက်ကမ်း
အစ္စရေးနဲ့ ဂျော်ဒန်မြစ်ကြားက အနောက်ဘက်ကမ်းဒေသမှာ ပါလက်စတိုင်း ၃ သန်းလောက် လက်ရှိနေထိုင်နေကြပါတယ်။
အရှေ့ဂျေရုဆလင်၊ ဂါဇာကမ်းမြောင်တို့နဲ့အတူ အနောက်ဘက်ကမ်းဒေသဟာ သိမ်းပိုက်ခံထားရတဲ့ ပါလက်စတိုင်းနယ်မြေတွေလို့ နိုင်ငံအများစုက လက်ခံထားကြပါတယ်။ ပါလက်စတိုင်းတွေဟာ ဒီဒေသတွေပါဝင်တဲ့ လွတ်လပ်တဲ့နိုင်ငံတခု တည်ထောင်ချင်ကြတာ ဖြစ်ပါတယ်။
အစ္စရေးက အနောက်ဘက်ကမ်းကို ဆက်ထိန်းချုပ်ထားပေမဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက PA လို့ အတိုကောက်ခေါ်တဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ကပဲ မြို့ကြီးမြို့ငယ်တွေကို စီမံခန့်ခွဲနေတာ ဖြစ်ပါတယ်။
အရှေ့ဂျေရုဆလင်နဲ့ အနောက်ဘက်ကမ်းမှာ အစ္စရေး အခြေချနေထိုင်တဲ့ တိုးချဲ့အိမ်ရာ ၁၅၀ လောက်ရှိပြီး ဂျူး ၇၀၀,၀၀၀ လောက် နေထိုင်နေပါတယ်။
ပါလက်စတိုင်းတွေက အစ္စရေး တိုးချဲ့အခြေချနေထိုင်မှု အားလုံးကို ဖယ်ရှားပေးစေချင်ကြသလို အပြည်ပြည်ဆိုင်ရာ ဥပဒေအရလည်း တရားမဝင်ဘူးလို့ သတ်မှတ်ကြပါတယ်။
ဒါပေမဲ့ အစ္စရေးအစိုးရကတော့ ငြင်းဆိုပါတယ်။ ဒီ Settlement လို့ခေါ်တဲ့ တိုးချဲ့အခြေချ နေရာတွေဟာ အစ္စရေးရဲ့ သမိုင်းအခွင့်အရေးကနေ မြစ်ဖျားခံတယ်လို့ ချေပထားပါတယ်။ အစ္စရေး လက်ရှိအစိုးဟာ ပါလက်စတိုင်းတွေ ကိုယ်ပိုင်နိုင်ငံတည်ထောင်ခွင့်ကို အသိအမှတ်ပြုမထားပါဘူး။
၂၀၂၄ ဇူလိုင်လမှာတော့ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က သိမ်းပိုက်ခံထားရတဲ့ ပါလက်စတိုင်းနယ်မြေတွေမှာ အစ္စရေးက ဆက်လက်ရှိနေမှုဟာ တရားမဝင်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနယ်မြေတွေက အစ္စရေး အခြေချနေထိုင်သူ အားလုံးကို ရုပ်သိမ်းသင့်ပြီး ဒါတွေဟာ လူမျိုးရေးခွဲခြားမှုဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်တွေကို ချိုးဖောက်တဲ့ လုပ်ရပ်လို့ပါ သတ်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘယ်သူမှ မလိုက်နာခဲ့ကြပါဘူး။
အို ဂျေရုစလင်
အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်ဖက်စလုံးက ဂျေရုဆလင်ကို သူတို့ရဲ့မြို့တော်လို့ အခိုင်အမာ ဆိုကြပါတယ်။
အနောက်ဂျေရုဆလင်ကို ထိန်းချုပ်ထားပြီးဖြစ်တဲ့ အစ္စရေးဟာ ၁၉၆၇ စစ်ပွဲမှာ အရှေ့ဂျေရုဆလင်ကိုပါ သိမ်းပိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မြို့တော်တခုလုံးကို သူတို့ရဲ့ အမြဲတမ်းမြို့တော်အဖြစ် ကြေညာခဲ့ပါတယ်။ ပါလက်စတိုင်းတွေက အနာဂတ် ပါလက်စတိုင်းနိုင်ငံရဲ့ မြို့တော်အဖြစ် အရှေ့ဂျေရုဆလင်ကို တောင်းဆိုထားကြပါတယ်။
လက်ရှိ အရှေ့ဂျေရုဆလင်မှာလည်း ပါလက်စတိုင်းအများစု နေထိုင်ကြတာဖြစ်ပေမဲ့ အစ္စရေးနိုင်ငံသားဖြစ်ဖို့ ရွေးချယ်သူကတော့ လူနည်းစုပဲ ရှိနေပါတယ်။
ဂျေရုဆလင်မှာရှိတဲ့ မြင့်မြတ်တဲ့နေရာတွေဟာ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခရဲ့ အဓိကဗဟိုချက် ဖြစ်ပါတယ်။ အမြင့်မြတ်ဆုံးနေရာကို မွတ်ဆလင်တွေက အယ်လ်အက်ဆာ ဗလီဝင်းလို့ ခေါ်သလို ဟာရမ် အယ်လ်-ရှာရစ်ဖ် (မြင့်မြတ် သန့်ရှင်းရာဌာန) လို့ခေါ်ပြီး ဂျူးတွေက ဗိမာန်တော်တောင် (Temple Mount) လို့ ခေါ်ပါတယ်။ အဲဒီနေရာဟာ အရှေ့ဂျေရုဆလင်မှာ တည်ရှိပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံအများစုကတော့ အရှေ့ဂျေရုဆလင်ဟာ အစ္စရေးက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းနယ်မြေ ဖြစ်တယ်လို့ သတ်မှတ်ပါတယ်။
ဂါဇာကမ်းမြောင်
ဂါဇာကမ်းမြောင်ဟာ အစ္စရေး၊ အီဂျစ်နဲ့ မြေထဲပင်လယ်ကြားမှာရှိတဲ့ ကျဉ်းမြောင်းတဲ့ နယ်နိမိတ်တခု ဖြစ်ပါတယ်။ အလျား ၄၁ ကီလိုမီတာ (၂၅ မိုင်)၊ အကျယ် ၁၀ ကီလိုမီတာပဲ ရှိပါတယ်။ လူ ၂ ဒသမ ၃ သန်းလောက် နေထိုင်တဲ့ ဒီနေရာဟာ ကမ္ဘာပေါ်မှာ လူဦးရေ အထူထပ်ဆုံး နေရာတွေထဲက တခုဖြစ်ပါတယ်။
နောက်ဆုံး အစ္စရေး-ဟားမတ်စ်စစ်ပွဲ မတိုင်ခင်ကတည်းက ဂါဇာဟာ ကမ္ဘာပေါ်မှာ အလုပ်လက်မဲ့နှုန်း အမြင့်ဆုံး နေရာတွေထဲက တခု ဖြစ်ခဲ့ပါတယ်။ လူအများစုဟာ ဆင်းရဲမွဲတေမှု မျဉ်းအောက်မှာ နေထိုင်နေရပြီး အသက်ရှင်ဖို့အတွက် အစားအသောက် အကူအညီပေါ်မှာ မှီခိုနေရပါတယ်။
၁၉၄၈ အရှေ့အလယ်ပိုင်းစစ်ပွဲရဲ့ ရလဒ်အဖြစ် ဂါဇာ နယ်နိမိတ်ကို ရေးဆွဲခဲ့ပြီး အီဂျစ်က သိမ်းပိုက်ထားခဲ့တာ ဖြစ်ပါတယ်။
၁၉၆၇ စစ်ပွဲမှာ အီဂျစ်တပ်တွေ ဂါဇာကနေ မောင်းထုတ်ခံခဲ့ရပြီး အစ္စရေးက သိမ်းပိုက်ခဲ့ပါတယ်။ အခြေချနေထိုင်မှုတွေ တည်ဆောက်ခဲ့ပြီး အဲဒီဒေသက ပါလက်စတိုင်းတွေကို စစ်အုပ်ချုပ်ရေးအောက်မှာ ထားရှိခဲ့ပါတယ်။
၂၀၀၅ မှာ အစ္စရေးစစ်တပ်နဲ့ အခြေချနေထိုင်သူတွေ ဂါဇာကနေ ပြန်လည်ဆုတ်ခွာပေးခဲ့ပါတယ်။ ဒါပေမဲ့ နယ်စပ်၊ ဝေဟင်နဲ့ ပင်လယ်ကမ်းရိုးတန်းတွေကို ကွပ်ကဲနေပြီး လူနဲ့ ကုန်ပစ္စည်းတွေ သွားလာမှုကို ထိန်းချုပ်ထားပါတယ်။
၂၀၀၆ ပါလက်စတိုင်း ရွေးကောက်ပွဲမှာ ဟားမတ်စ်အဖွဲ့က အနိုင်ရခဲ့ပြီး နောက်တနှစ်မှာ ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့အတူ သူတို့ပြိုင်ဘက်တွေကို ဒီနယ်မြေကနေ မောင်းထုတ်ခဲ့ပါတယ်။
အစ္စရေးနဲ့ အီဂျစ်က တုံ့ပြန်တဲ့အနေနဲ့ ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပြီး ဂါဇာကို ဘာပစ္စည်းတွေပဲ ပေးဝင်ရမလဲ ဆိုတာကို အစ္စရေးက ထိန်းချုပ်ခဲ့ပါတယ်။
နောက်ပိုင်းနှစ်တွေမှာ ဟားမတ်စ်နဲ့ အစ္စရေးကြား စစ်ပွဲကြီးတွေ အကြိမ်ကြိမ် ဖြစ်ခဲ့ပါတယ်။ ၂၀၀၈-၀၉၊ ၂၀၁၂ နဲ့ ၂၀၁၄ တွေမှာပါ။ ၂၀၂၁ မေလမှာ နှစ်ဖက်ကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြီးဟာ ၁၁ ရက်ကြာခဲ့ပြီး အပစ်အခတ်ရပ်စဲရေးနဲ့ အဆုံးသတ်ခဲ့ပါတယ်။
တိုက်ပွဲတိုင်းမှာ နှစ်ဖက်စလုံးက လူတွေ သေဆုံးခဲ့ပြီး အများစုက ဂါဇာကမ်းမြောင်က ပါလက်စတိုင်းပြည်သူတွေ ဖြစ်ပါတယ်။
၂၀၂၃ အောက်တိုဘာ ၇ ရက်နေ့မှာ ဂါဇာက ဟားမတ်စ် တပ်ဖွဲ့တွေဟာ အစ္စရေးကို ဝင်တိုက်ခဲ့တာကြောင့် လူ ၁,၂၀၀ လောက် သေဆုံးခဲ့ပြီး ၂၅၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပါတယ်။
အဲဒီကနေ အစ္စရေးရဲ့ စစ်ဆင်ရေးကြီးကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဟားမတ်စ်လက်အောက်ခံ ဂါဇာ ကျန်းမာရေးဌာနရဲ့ အဆိုအရ ဂါဇာမှာ လူ ၄၆,၇၀၀ ကျော် သေဆုံးခဲ့ပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးတွေ ဖြစ်ပါတယ်။
စစ်ပွဲ ၁၅ လအကြာ ၂၀၂၅ ဇန်နဝါရီမှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ စစ်ပွဲရပ်တန့်ဖို့နဲ့ အစ္စရေး ဓားစာခံတွေနဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို လွှတ်ပေးဖို့ သဘောတူညီခဲ့ကြပါတယ်။
ပါလက်စတိုင်းဟာ နိုင်ငံလား
၂၀၂၄ မေလမှာ ကုလသမဂ္ဂ အထွေထွေညီလာခံ အဖွဲ့ဝင် ၁၉၃ နိုင်ငံထဲက ၁၄၃ နိုင်ငံက ကုလသမဂ္ဂ တင်းပြည့်အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ပါလက်စတိုင်းရဲ့ လျှောက်ထားမှုကို ထောက်ခံမဲပေးခဲ့ပါတယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီမှာ အမေရိကန်က ဗီတိုနဲ့ ပယ်ချခဲ့တဲ့အတွက် အဖွဲ့ဝင်ဖြစ်မလာသလို ကမ္ဘာ့အသိအမှတ်ပြု နိုင်ငံတနိုင်ငံလည်း ဖြစ်မလာခဲ့ပါဘူး။
ကုလသမဂ္ဂမှာ ပါလက်စတိုင်းနိုင်ငံဟာ “အမြဲတမ်း လေ့လာသူ” permanent observer state ဆိုတဲ့ တရားဝင်အဆင့်အတန်းရှိပြီး ထိုင်ခုံတနေရာ ရပေမဲ့ မဲပေးခွင့်မရှိပါဘူး။
ဥရောပနိုင်ငံအချို့နဲ့ အမေရိကန်က ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်မပြုပါဘူး။ အရှေ့အလယ်ပိုင်းမှာ ရေရှည် နိုင်ငံရေးဖြေရှင်းချက်တခုရဲ့ အစိတ်အပိုင်းအနေနဲ့သာ အသိအမှတ်ပြုမယ်လို့ ပြောထားပါတယ်။
ဒုက္ခသည် ၅ ဒသမ ၉ သန်း
ကုလသမဂ္ဂက မှတ်ပုံတင်ထားတဲ့ ပါလက်စတိုင်း ဒုက္ခသည် ၅ ဒသမ ၉ သန်းလောက် ရှိပါတယ်။
သူတို့ဟာ ၁၉၄၈-၄၉ အရှေ့အလယ်ပိုင်းစစ်ပွဲမှာ အစ္စရေးနိုင်ငံ ဖြစ်လာတဲ့ မြေပေါ်မှာရှိတဲ့ နေအိမ်တွေကနေ ထွက်ပြေးခဲ့ရတဲ့၊ အတင်းအကျပ် မောင်းထုတ်ခံခဲ့ရတဲ့ ပါလက်စတိုင်း အာရပ်တွေရဲ့ အဆက်အနွယ်တွေ ဖြစ်ပါတယ်။
အများစုက ဂျော်ဒန်၊ ဂါဇာကမ်းမြောင်၊ အနောက်ဘက်ကမ်း၊ ဆီးရီးယားနဲ့ လက်ဘနွန်မှာ နေထိုင်ကြပါတယ်။
ပါလက်စတိုင်းတွေက ဒုက္ခသည်တွေ ပြန်လာခွင့်ကို တောင်းဆိုပေမဲ့ အစ္စရေးက ငြင်းဆန်ထားပါတယ်။ ဒုက္ခသည်အဆင့်အတန်းကို မျိုးဆက်နဲ့ချီ ဆက်ခံခွင့်ပေးတဲ့ ကုလသမဂ္ဂရဲ့ ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီ (UNRWA) ကိုလည်း ဝေဖန်ထားပါတယ်။
နှစ်နိုင်ငံဖြေရှင်းနည်း
“နှစ်နိုင်ငံဖြေရှင်းနည်း (two-state solution)” ဆိုတာ အစ္စရေးနဲ့ ပါလက်စတိုင်း ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာက ထောက်ခံထားတဲ့ ပုံသေနည်းတခု ဖြစ်ပါတယ်။
ဒီနည်းက အရှေ့ဂျေရုဆလင်ကို မြို့တော်အဖြစ်ထားပြီး အနောက်ဘက်ကမ်းနဲ့ ဂါဇာမှာ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ တည်ထောင်ဖို့ အဆိုပြုပါတယ်။ အဲဒီနိုင်ငံဟာ အစ္စရေးနိုင်ငံနဲ့အတူ တည်ရှိမှာ ဖြစ်ပါတယ်။
လက်ရှိ အစ္စရေးအစိုးရက နှစ်နိုင်ငံဖြေရှင်းနည်းကို ပယ်ချပါတယ်။ နောက်ဆုံးသဘောတူညီချက်ဟာ ပါလက်စတိုင်းတွေနဲ့ ညှိနှိုင်းမှုရလဒ် ဖြစ်ရမယ်၊ နိုင်ငံတည်ထောင်ခွင့်ဟာ ကြိုတင်သတ်မှတ်ချက် မဖြစ်သင့်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
ထရမ့်ပ် နည်းနဲ့ အီဂျစ်နည်း ဆိုတာဘာလဲ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အဆိုပြုချက်က ဂါဇာကလူတွေကို နေရာရွှေ့ပြောင်းပြီး အမေရိကန်က ထိန်းချုပ်ခွင့်ရဖို့ ရည်ရွယ်ပါတယ်။ ဂါဇာကို “အရှေ့အလယ်ပိုင်းရဲ့ ကမ်းသာယာ” အဖြစ် ပြောင်းလဲဖို့ပါ။ အမေရိကန်နဲ့ နိုင်ငံတကာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေးဖွံ့ဖြိုးမှု အကြီးအကျယ် လုပ်ဆောင်ပြီး ဂါဇာကို ကုန်သွယ်ရေးနဲ့ ခရီးသွားဗဟိုချက်တခုဖြစ်အောင် လုပ်မှာပါ။ ဒါပေမဲ့ ဒီအစီအစဉ်မှာ ပါလက်စတိုင်းလူထုကို အတင်းအကျပ် နေရာရွှေ့ပြောင်းဖို့လည်း ပါဝင်ပါတယ်။ သူတို့ကို အခြားအာရပ်နိုင်ငံတွေမှာ ပြန်လည်နေရာချထားဖို့ အဆိုပြုထားပါတယ်။ ဒါဟာ နိုင်ငံတကာဥပဒေနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ထားကြပါတယ်။ ဂျော်ဒန်နဲ့ အီဂျစ်လို ဒေသတွင်းနိုင်ငံတွေက နေရပ်စွန့်ခွာ ပါလက်စတိုင်းတွေ ဒီလောက်အများကြီး ထပ်လက်ခံဖို့ မလိုလားသလို ကာယကံရှင် ဂါဇာဒေသခံတွေကလည်း ကိုယ့်မြေကို စွန့်ခွာဖို့ မလိုလားကြပါဘူး။
အီဂျစ်က ထရမ့်ပ်ရဲ့ အဆိုပြုချက်ကို တုံ့ပြန်တဲ့အနေနဲ့ သူ့ရဲ့ ကိုယ်ပိုင်အစီအစဉ်ကို တင်ပြထားပါတယ်။ ပါလက်စတိုင်းတွေ သူတို့ရဲ့ဇာတိမြေမှာ ဆက်လက်နေထိုင်နိုင်ရေးကို အလေးပေးပြီး ဂါဇာကို ပြန်လည်တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ကနဦးအနေနဲ့ ဂါဇာထဲမှာ “လုံခြုံတဲ့နယ်မြေတွေ” တည်ထောင်ဖို့ တိုက်တွန်းပါတယ်။ အကြီးစားပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်နေစဉ်မှာ နေရပ်စွန့်ခွာ အရပ်သားတွေအတွက် ယာယီအိမ်ရာတွေ အဲဒီမှာ ဆောက်ပေးဖို့ ဖြစ်ပါတယ်။
အီဂျစ်တာဝန်ရှိသူတွေဟာ ပြန်လည်တည်ဆောက်ရေးအတွက် ငွေကြေးထောက်ပံ့မှုရဖို့ ဆော်ဒီအာရေဗျ၊ ကာတာနဲ့ UAE တို့လို အာရပ်မဟာမိတ်တွေ၊ ဥရောပသံတမန်တွေနဲ့ ဆွေးနွေးနေပါတယ်။ ဒီအစီအစဉ်မှာ ဂါဇာအုပ်ချုပ်ရေးအတွက် ဟားမတ်စ်ရော၊ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့နဲ့ပါ မသက်ဆိုင်တဲ့ ပါလက်စတိုင်း အုပ်ချုပ်ရေးအဖွဲ့တခု ဖွဲ့စည်းဖို့လည်း ပါဝင်ပါတယ်။ ဂါဇာမှာ ဥပဒေစိုးမိုးရေးအတွက် အီဂျစ်နဲ့ အနောက်နိုင်ငံ ကျွမ်းကျင်သူတွေဆီက လေ့ကျင့်မှုရထားတဲ့ ပါလက်စတိုင်းအရာရှိတွေ ပါဝင်တဲ့ လုံခြုံရေးတပ်ဖွဲ့ ဖွဲ့စည်းဖို့လည်း အဆိုပြုထားပါတယ်။
ကမ္ဘာ့ရန် ဘယ်မှာဆုံးမလဲ
အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဟာ နက်ရှိုင်းတဲ့ သမိုင်းကြောင်းဆိုင်ရာ နစ်နာမှုတွေ၊ နာကြည်းမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ သံသရာလည်နေခဲ့ပါတယ်။ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေဟာလည်း အရာမထင်ခဲ့တာ အကြိမ်ကြိမ်ပါပဲ။ ဂါဇာက ပါလက်စတိုင်းတွေအားလုံး ရွှေ့ပစ်မယ်ဆိုတဲ့ ထရမ့်ပ် အဆိုပြုချက်မျိုးဟာ အငြင်းပွားစရာကောင်းသလို တကယ်လုပ်နိုင်ခဲ့ရင်တောင် အမုန်းတွေနဲ့ နာကြည်းချက်တွေက ပိုအစွန်းရောက်တဲ့ အခြေအနေမျိုးကိုပဲ တွန်းပို့ပေးပါလိမ့်မယ်။ အီဂျစ်နဲ့ အာရပ်နိုင်ငံတွေ အဆိုပြုတဲ့နည်းကလည်း အကောင်အထည်ဖော်ဖို့ မလွယ်လှပါဘူး။ ဂါဇာကနေ ဟားမတ်စ်အဖွဲ့ကိုပဲ ဖယ်ထုတ်ဖို့ ဆိုတာမျိုးက ဖြစ်နိုင်ခြေနည်းသလို ဟားမတ်စ်အဖွဲ့ကို အမြစ်မဖြုတ်နိုင်တဲ့ ဘယ်အစီအစဉ်ကိုမှ လက်မခံဘူးလို့ အစ္စရေးဘက်က ပြောထားပါတယ်။ ဒီလိုနဲ့ပဲ ပါလက်စတိုင်းပြည်သူတွေအတွက် ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမှာ ဖြစ်သလို အရှေ့အလယ်ပိုင်းပဋိပက္ခဟာလည်း အဆုံးသတ်ဖို့ရာ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။
စိုင်းခေတ်နွေ