
ရန်ကုန်၊ လမ်းမတော်မြို့နယ်၊ ကလီဆိပ်ကမ်း၊ ကိုင်းတန်းအမှတ် (၂) ဆိပ်ခံဘောတံတားအနီး၊ ရန်ကုန်မြစ်ထဲမှာ မတ် ၄ ရက် ဒီနေ့ မွန်းလွဲ ၂ နာရီလောက်က လူ ၁၂ ယောက် လိုက်ပါလာတဲ့ စက်လှေမှောက်ခဲ့လို့ ပျောက်ဆုံးသူ ကျောင်းသားတယောက်ကို ရှာဖွေနေတယ်လို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဆိပ်ကြီးခနောင်တိုစက်လှေဆိပ်ကနေ မောင်းနှင်လာတဲ့ စက်တပ်သမ္ဗာန်ဟာ ရန်ကုန်ဘက်ရောက်ခါနီးမှာ မော်တာထဲ ဒိုက်ငြိပြီး လှိုင်းပုတ်ကာ ကုန်တင်သင်္ဘောကို ဝင်တိုက်မိ မှောက်သွားခဲ့တာပါ။
ဆေးရုံပို့ဆောင်ပေးသူတယောက်က “ အမြွှာ ၂ ဦးမှာ အငယ်တဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အသက်က ၁၇ နှစ်။ သူတို့ အမေရယ် ညီအစ်ကို ၂ ယောက်ရယ် ခနောင်တိုဘက်က လာတာ။ အခုထိတော့ ပျောက်ဆုံးတဦးကို မတွေ့သေးပါဘူး။ စက်လှေဆရာက အသက်အင်္ကျီတော့ ဝတ်ထားတာ မတွေ့ဘူး”လို့ ဆိုပါတယ်။
အဆိုပါ လှေပေါ်မှာ အမျိုးသား ၈ ယောက်၊ အမျိုးသမီး ၄ ယောက် စုစုပေါင်း လူ ၁၂ ယောက် အနက် ၁၁ ယောက်ကို အနီးအနားက စက်လှေတွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေက ဆယ်ယူနိုင်ခဲ့ကြပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင် တယောက်က “ နေ့ခင်း ၂ နာရီလောက်က ဖြစ်တာ။ လူနာတွေ ကမ်းပေါ်အရောက်ဆို ၂ နာရီခွဲလောက်ပါ။ ကလေးတဦး တော့ ပျောက်ဆုံးနေလို့ အခု ညနေအထိ ရှာဖွေနေဆဲပါ”လို့ ဆိုပါတယ်။
ဆယ်ယူရထားသူတွေအနက် အမျိုးသမီးတယောက်၊ အမျိုးသား ၄ ယောကြ်တို့မှာ ရေနစ်မွန်း၊ သတိမေ့ဒဏ်ရာတွေရရှိခဲ့လို့ လသာ၊ အလုံ၊ လမ်းမတော်တို့က ကြက်ခြေနီအသင်းယာဉ်တွေနဲ့ ရန်ကုန်ဆေးရုံကြီး ပို့ဆောင်ပေးထားကြ ပါတယ်။
ပျောက်ဆုံးသူမှာ ဆိပ်ကြီးအရှေ့ရပ်ကွက်နေ ၁၁ တန်းကျောင်းသား အသက် ၁၇ နှစ်အရွယ် မောင်ဟိန်းဇာနည်ဦးဖြစ်ပြီး မီးသတ်၊ အရပ်ဘက်ကယ်ဆယ်ရေးရေယာဉ်တွေနဲ့ လမ်းမတော် ကလီဆိပ်ကမ်း၊ ပန်းဆိုးတန်းဆိပ်ကမ်း၊ ဗိုလ်တထောင်ဆိပ်ကမ်းအထိ ရေပြင်တလျှောက် ရှာဖွေမှုတွေ ပြုလုပ်နေကြပါတယ်။