တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ထဲက ကျောက္ကာရွာအနီး ရေမိုင် ၁ မိုင်အကွာလောက်မှာ အောက်တိုဘာ ၂၀ ရက် ည ၉ နာရီကျော်က လူ ၇၀ ကျော်ပါ စက်လှေတစီး တိမ်းမှောက်ခဲ့တာကြောင့် ၉ ယောက် သေဆုံးပြီး ၁၇ ယောက် ပျောက်ဆုံးနေတယ်လို့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
စက်လှေတိမ်းမှောက်တဲ့နေရာကို မြို့နယ်မီးသတ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မြိတ်မြို့၊ ပုလောမြို့က အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ရှာဖွေကယ်ဆယ်ခဲ့ကြပါတယ်။
ကရုဏာနာရေးကူညီမှုအသင်းဝင်တဦးက “မြိတ်ကို ပုလောကနေ ထွက်လာတဲ့ စက်လှေ။ ရေမိုင် ၁ မိုင်လောက်မှာ မှောက်သွားတာ။ လက်ရှိ ဒီမနက်အထိ လူကြီး ၈ ဦး၊ ကလေး ၁ ဦး ရုပ်အလောင်းဆယ်ထားနိုင်တယ်။ ည ၉ နာရီနဲ့ ၉ နာရီခွဲကြားမှာ ဖြစ်တာ” လို့ ပြောပါတယ်။
အောက်တိုဘာ ၂၁ ရက်၊ နေ့လယ်ပိုင်းအထိ လူ ၄၇ ယောက်ကို အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး အမျိုးသားတယောက်၊ အမျိုးသမီး ၇ ယောက်နဲ့ လသားကလေးတယောက် ရုပ်အလောင်းတွေကို ဆယ်ယူနိုင်ခဲ့ပေမဲ့ အမျိုးသား ၅ ယောက်၊ အမျိုးသမီး ၁၂ ယောက် စုစုပေါင်း ၁၇ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
နောက်ဆုံးရရှိထားတဲ့ စက်လှေပေါ်ပါ စာရင်းတွေအရ ပျောက်ဆုံး ၁၇ ဦးထဲမှာ ကျောင်းသားကျောင်းသူ ၁၂ ဦးအထိ ပါဝင်နေသလို သေဆုံးစာရင်းမှာ ၂ ဦးအထိ ပါဝင်နေတာ တွေ့ရပါတယ်။
ဆယ်ယူနိုင်တဲ့ ရုပ်အလောင်းတွေကို ကျောက္ကာရွာကို ပို့ဆောင်ပေးထားပြီး မှောက်သွားတဲ့စက်လှေအား ပြန်လည်ရှာဖွေတွေ့ရှိထားပြီး ပျောက်ဆုံးနေသူတွေကို အရပ်ဘက်အသင်းတွေ ရှာဖွေနေပါတယ်။