ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ယောက် အောက်တိုဘာ ၂၃ ရက်က ရေလုပ်သားတွေကို ဖမ်းဆီး ငွေကောက်ဖို့ သွားဖမ်းရင်း စက်လှေမှောက် ပျောက်ဆုံးနေတယ်လို့ ငပုတောမြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စက်လှေမှောက်ပျောက်ဆုံးနေတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ဟာ ဖျံရေကျော် နယ်မြေရဲစခန်းက နယ်ထိန်း အောင်ကျော်ဦးနဲ့ တမာန်ချောင်းနယ်ထိန်း မျိုးကို တို့ ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “၂၃ ရက် ညပိုင်း ငါးဖမ်းသမားတွေကို ငွေကောက်ဖို့ သွားရင်း ဖြစ်သွားတာ။ သူတို့က သုံးစရာမရှိရင် အကြောင်းရှာ ငွေညှစ်ဖို့ ခွင်ဖန်တာပဲလေ။ ငပုတောမြစ် အရှေ့ဘက် ကံစိတ်ရွာအနီးမှာ ဖြစ်တာ။ ရဲတွေစီးလာတဲ့ စက်လှေက ကျားဘောကို တိုက်မိပြီး စက်လှေက တိမ်းမှောက်တာ။ ဒီနေ့အထိ ပျောက်ဆုံးနေတယ်” လို့ ပြောပါတယ်။
ငပုတောဒေသခံတယောက်က “သူတို့က ဒီလိုပဲ ကင်းလှည့်သလိုလိုနဲ့ ဟိုဟောက် ဒီစစ် လုပ်ပြီးတော့ ငွေညှစ်နေတာ။ ရဲတွေက အကုန်မူးနေတာ မှောက်တော့တာပေါ့။ စေတနာအကျိုးပေးတာပဲ။ စကစဘက်က ဒီသတင်းကို သတင်းအုပ်ထားတာ” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ဟာ ငပုတောမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက စက်လှေကို စီးပြီး အရပ်သား ရေလုပ်သားတွေကို စစ်ဆေး ငွေကောက်ဖို့သွားတာလို့ သိရပါတယ်။
ဒါ့အပြင် စက်လှေမှောက် ပျောက်ဆုံးနေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ထဲက နယ်ထိန်း မျိုးကိုမှာ လက်နက်ပါ ပါသွားတယ်လို့ ငပုတောမြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။