Home
မြန်မာသတင်း
"စားဖို့အတွက် ရေသွားထမ်းရတယ်ဆိုတော့ အရမ်းဒုက္ခရောက်တယ်” ချင်းစစ်ရှောင်တဦး
DVB
·
March 4, 2025

ဒေသတွင်းတိုက်ပွဲတွေကြောင့် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ကို စစ်ရှောင်နေရတဲ့ ချင်းပြည်နယ်က ဒုက္ခသည်တွေအနေနဲ့ နွေရာသီအစမှာတင် စစ်ရှောင်စခန်းတွေမှာ ရေရှားပါးမှုနဲ့ စတင်ကြုံတွေ့နေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

ဒုက္ခသည်စခန်းမှာနေထိုင်သူ အမျိုးသားတယောက်က “မီဇိုရမ်ပြည်နယ်မှာက ဒေသခံတွေ အတွက်တောင် နွေရာသီရောက်လာရင် ရေက လုံလောက်မှုမရှိဘူး။ ဝယ်ကြရတယ်ဆိုတော့ ကျနော်တို့လို ဒုက္ခသည်တွေအတွက်ဆို အတော်လေးကို ခက်ခဲတယ်လို့ ပြောရမှာပေါ့” လို့ DVB ကို ပြောပါတယ်။

မီဇိုရမ်ရဲ့မြို့တော်ဖြစ်တဲ့ အိုင်ဇောလို နေရာမှာတောင် နွေရာသီ‌ရောက်ရင် ရေအလုံအလောက် မရှိတဲ့အတွက် ဝယ်ယူနေကြရတာပါ။

ရေလီတာ ၂,၀၀၀ ကို အိန္ဒိယရူပီး ၁,၄၀၀ (မြန်မာ‌‌‌‌‌‌ငွေကာလပေါက်‌‌‌‌စျေး ၇၀,၀၀၀) ကျသင့်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ အမျိုးသမီးတယောက်က “ဟုတ်တယ်၊ အခုက ရေတအား ရှားလာတယ်။ ရေခပ်ဖို့ကို အဝေးကြီးသွားရတယ်။ မနက်အစောကြီးထ တန်းစီပြီး ခပ် နေရတာတောင် ရေက ဘယ်လိုမှ လုံလောက်မှုမရှိဘူးပေါ့နော်။ အဲဒီတခုက ကမ့်ပ်နဲ့ ပိုနီးတာဆိုတော့ စားဖို့အတွက်ပဲ ရေချိုးဖို့သွားရတဲ့ချောင်းဆို အဝေးကြီးပဲ။ အခုနေတဲ့ ကမ့်ပ်ရဲ့ ဟိုးလမ်းအောက်ဘက်မှာ သွားရတာဆိုတော့ လမ်းက အရမ်းမတ်တယ်။ အဲဒီမှာ ရေနည်းနည်းပိုရှိတော့ အဲကိုပဲ ရေချိုးဖို့ဆို သွားကြရတယ်။ ဒါပေမဲ့ တခါတလေ ရေက လုံးဝ မရှိတော့ အဲဒီအထိကိုသွားပြီး စားဖို့အတွက် ရေသွားထမ်းရတယ်ဆိုတော့ အရမ်း ဒုက္ခရောက်တယ်” လို့ ပြောပါတယ်။

ရေခပ်ဖို့အတွက်ကို အနီးဆုံးနေရာမှာတောင် မိနစ် ၂၀ လောက် ခြေလျင်သွားရပြီး အရှေ့မှာ ကိုယ့်ထက်စောတဲ့ လူ ၂ ယောက်လောက်က ရေခပ်လိုက်ရင်တောင် ရေက ကုန်သွားပြီလို့ ဆိုပါတယ်။

အခု မတ်လထဲမှာပဲ ရေကနည်းတော့မှာ ဖြစ်တဲ့အတွက် ရေမခပ်နိုင်တဲ့ သက်ကြီးရွယ်အိုတွေ အတွက်လည်း အခက်အခဲ ဖြစ်ပေါ်နေပြီး တကိုယ်ရည်သန့်ရှင်းဖို့အတွက်တောင် မလုံလောက်တဲ့ အတွက် နောက်ဆက်တွဲ ရောဂါဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး တာဝန်ယူဖြေရှင်းပေးတဲ့ အဖွဲ့အစည်းမျိုး မရှိတာကြောင့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဆင်ပြေသလို NGOs လို အဖွဲ့အစည်းတွေကို အကူအညီတောင်းတာမျိုး လုပ်ပေမဲ့ ခုချိန်ထိ လုံလောက်တဲ့ အထောက်အပံ့ အကူအညီမရဘူးလို့လည်း သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်အတွင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ချင်းဒုက္ခသည်အရေအတွက်ဟာ UNHCR ရဲ့ နောက်ဆုံးထုတ်ပြန်ချက် စစ်တမ်းအရ ၄၆,၀၀၀ နဲ့ အထက်ရှိတယ်လို့ သိရပါတယ်။

မီဇိုရမ်ပြည်နယ်မှာတော့ ခရိုင် ၇ ခုရဲ့ ဒုက္ခသည်စခန်းပေါင်း ၁၂၇ ခုမှာ ပျံ့နှံ့နေထိုင်နေကြပြီး အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတဲ့အတွက် အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့အပေါ်မှာပဲ အဓိကမှီခိုနေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

မကြာသေးခင်က အမေရိကန်အစိုးရသစ် တက်လာပြီးနောက်ပိုင်း USAID ရဲ့ လူသားချင်းစာနာမှု အကူအညီတွေ ရပ်တန့်မှုတွေကြောင့် တချို့သော အရပ်ဖက်အဖွဲ့အစည်းတွေလည်း ရပ်တန့်လိုက်ရတယ်လို့ ကူညီပေးနေသူတွေကတဆင့် သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013