
ချင်းအမျိုးသားတပ်ဦး (CNF) တပ်ဖွဲ့ရဲ့ ခေါင်းဆောင်တယောက် အပါအဝင် တပ်ဖွဲ့ဝင် ၅ ယောက်ကို မီဇိုရမ်ပြည်နယ် မာမစ်ခရိုင်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ ဇန်နဝါရီ ၁၅ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မီဇိုရမ် ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မာမစ်ခရိုင်အတွင်းက ဆိုင်သရွာကို မီဇိုရမ်ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီးနောက် ရိုင်ဖယ် ၆ လက်၊ AK ကျည် ၁၀,၀၅၀ တောင့်နဲ့အတူ မြန်မာနိုင်ငံက လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးမိခဲ့တာလို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မီဇိရမ်ရဲအရာရှိက “ပဏာမစုံစမ်းစစ်ဆေးမှုတွေအရ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေဟာ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းတောင်တန်းဒေသမှာ လှုပ်ရှားနေတဲ့ သူပုန်အဖွဲ့ဖြစ်တဲ့ CNF မြန်မာနဲ့ United People's Democratic Front (UPDF-P) တို့ကြား ကုန်သွယ်မှုအတွက် ရည်ရွယ်တယ်” လို့ Hindustan Times သတင်းဌာနကို ပြောပါတယ်။
အခုလို ဖမ်းဆီးမိတာဟာ မီဇိုရမ်ပြည်နယ်မှာ တရားမဝင် လက်နက်မှောင်ခိုရောင်းဝယ်မှု၊ နိုင်ငံဖြတ်ကျော်မှုနဲ့ ဒေသတွင်း တည်ငြိမ်ရေးကို ဆက်လက်ခြိမ်းခြောက်နေတယ်လို့လည်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို DVB က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။