Home
မြန်မာသတင်း
ကျုံပျော်တွင် ရခိုင်စစ်ဘေးရှောင် ၁၆ ဦး ဖမ်းဆီးခံရ
DVB
·
January 11, 2025
ARMY

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ ရခိုင်စစ်ဘေးရှောင် ၁၆ ယောက်ကို စစ်ကောင်စီတပ်က အာရက္ခတပ်တော် (AA) သတင်းပေးလို့ စွပ်စွဲပြီး ဖမ်းဆီးထားတယ်လို့ အဖမ်းခံရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ် ဂွမြို့နယ်ကနေ စစ်ဘေးတိမ်းရှောင်လာပြီး ကျုံပျော်မြို့နယ်နဲ့ ရခိုင်ပြည်နယ် အစပ်ကျေးရွာ တွေမှာလာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ၁၆ ယောက်ကို စစ်ကောင်စီတပ် ဇန်နဝါရီ ၉ ရက်မှာ ၇ ယောက်နဲ့ ၁၀ ရက်မှာ ၉ ယောက် ဖမ်းဆီးထားတာလို့ ဆိုပါတယ်။

“AA သတင်းပေးတွေဆိုပြီး ဖမ်းတာ၊ အဖမ်းခံရတဲ့ သူတွေက ဂွမြို့နယ်ကနေ စစ်ရှောင်လာတဲ့ စစ်ဘေးရှောင်တွေပါ။ စစ်တပ်ကဖမ်းဆီးခံရသူတွေက အမျိုးသားတွေချည်းပဲ။ စစ်ကားပေါ်ရိုက်နှက်ဖမ်းခေါ်သွားတာ” လို့ အဖမ်းခံရသူတွေနဲ့ နီးစပ်သူက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ အဖမ်းခံရတဲ့သူတွေထဲမှာ အသက် ၂၀ အရွယ် အမျိုးသား ၆ ယောက်၊ အသက် ၁၈ နဲ့ ၁၉ ဝန်းကျင် ၁၀ ယောက်ဖြစ်ပြီး ကျုံပျော်အခြေစိုက်စစ်ကောင်စီ တပ်က ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

''AA သတင်းပေးဆိုပြီး ဖမ်းတာဟုတ်ပါတယ်။ အဖမ်းခံရသူတွေကို ကျုံပျော်မြို့အခြေစိုက်ဖြစ်တဲ့ ခလရ ၃၆ တပ်ရင်းထဲ ခေါ်သွားတယ်လို့ ကနဦးသိရတယ်” လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူက ပြောပါတယ်။

အဖမ်းခံရသူတွေက စစ်ကောင်စီတပ်ကို ရခိုင်တိုက်ပွဲကြောင့် စစ်ရှောင်လာရခြင်းဖြစ်ကြောင်း၊ မိသားစုတွေ ရခိုင်ရိုးမတော်စပ်မှာ ရောက်ရှိနေကြောင်း အထောက်အထားတွေပြသပေမဲ့ ပြန်မလွှတ်ပေးဘဲ ဆက်လက် ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလလည်း ကျုံပျော်မြို့နယ်မှာ ရခိုင်ပြည်နယ် အမ်းမြို့နယ်ကနေ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေကို လက်ခံထားတဲ့ ဒေသခံတွေနဲ့ စစ်ရှောင် အယောက် ၄၀ နီးပါး ဧည့်စာရင်းအကြောင်းပြ ချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013