Home
မြန်မာသတင်း
ရခိုင်တွင် ဆေးအခမဲ့ဖြန့်နေသော်လည်း ဆက်သွယ်ရေးအခက်အခဲကြောင့် ထုတ်ယူသူနည်းပါး
DVB
·
January 11, 2025
Photo-APM

ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA က HIV ပိုးထိန်းဆေး ART နဲ့ TB ဆေးကို အခမဲ့ ဖြန့်ဝေပေးနေပေမဲ့ ဆက်သွယ်ရေးအခက်အခဲတွေကြောင့် ထုတ်ယူနိုင်တဲ့သူ နည်းနေတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေဆီကနေ သိရပါတယ်။

AA က ကျန်းမာရေးဝန်ထမ်းတွေကနေတစ်ဆင့် ART ဆေးထုတ်ပေးနေတာဖြစ်ပြီး အခုလို ထုတ်ဝေပေးနေတာကို လူနာတွေအနေနဲ့ မသိနိုင်ဖြစ်နေကြသေးတယ်လို့ ကျန်းမာရေး ဝန်ထမ်းတယောက်က ပြောပါတယ်။

“ဆေးထုတ်ပေးနေပြီဆိုတာ ရေဒီယိုကနေကြားရမှသိတာပါ။ ဒီတော့ ကိုယ်လက်လှမ်းမီတဲ့ လူနာတွေမေးစမ်းကြည့်တော့ ဆေးပေးတာ မသိသေးဘူးလို့ပြောကြတယ်။ ဒါတောင် အနီးအနားက လူတွေပဲဖြစ်လို့ပါ။ တခြားနယ်ကလူတွေဆို ကိုယ်တွေလည်းသွားမပြောနိုင်တော့ သူတို့သိနိုင်မှာ မဟုတ်သေးဘူး” လို့ပြောပါတယ်။

ရခိုင်မှာ ၁ နှစ်ကျော်ကြာပြတ်လပ်နေတဲ့  ART ဆေးနဲ့ TB ဆေးတွေကို AA က ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့ကစလို့ ကျောက်ဖြူအပါအဝင် မြို့နယ် ၁၆ မြို့နယ်မှာ စတင် ထုတ်ပေးနေခဲ့တာဖြစ်ပါတယ်။

အချိန်အကြာကြီးဆေးပြတ်နေတာကြောင့် HIV လူနာတွေနဲ့ TB ရောဂါသည်တွေဟာ ကျန်းမာရေးထိခိုက်တာ၊ သေဆုံးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ AA က မြို့နယ်အလိုက် အခမဲ့ဝေပေးနေပေမယ့် ဆေးဝါးနည်းပါးနေသေးတာ၊ ဆက်သွယ်ရေးအဆင်မပြေတာတို့ကြောင့် ဆေးလိုအပ်ချက်ရှိနေသူတွေအားလုံး ဆေးရရှိနိုင်ဖို့ လိုအပ်ချက်ရှိနေသေးတယ်လို့လည်း သိရပါတယ်။

HIV လူနာတယောက်က “ဒီတခေါက် ဆေးက နည်းတယ်လို့ပြောပါတယ်။ ဒါကြောင့် မျှယူကြရတယ်။ ဖုန်းလိုင်းတွေမရတော့ ထုတ်တဲ့သူတွေကနည်းနေသေးတယ်။ အရင်ကလို လူစုံလာထုတ်မယ်ဆိုရင် ဆေးရနှုန်းက ပိုနည်းမယ်လို့ထင်တယ်။ ဆေးနောက်ထပ် ရောက်မယ်လို့တော့ ပြောပါတယ်။ ခု ရထားတဲ့ဆေး မကုန်ခင်ရောက်နိုင်ရင် ပိုကောင်းတာပေါ့” လို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် လမ်းကြောင်းတွေပိတ်ဆို့ခံထားရဆဲဖြစ်တဲ့ ရခိုင်မှာ ဆေးဝါးပြတ်လပ်တာကို အဓိကကြုံနေရပြီး ဒီအထဲမှာ HIV နဲ့ TB ရောဂါလိုမျိုး နာတာရှည်ရောဂါသည်တွေ၊ ဆေးဝါးစွဲသောက်နေရတဲ့ စိတ်ဝေဒနာရှင်တွေ အဓိကဒုက္ခရောက်နေကြရတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013