Home
မြန်မာသတင်း
မီဇိုရမ်ပြည်နယ်အစိုးရက မြန်မာစစ်ဘေးရှောင်များအတွက် နေစရာများ စီစဉ်နေ
DVB
·
November 29, 2024

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အစိုးရက နယ်စပ်ဒေသမှာ မြန်မာစစ်ဘေးရှောင်တွေအတွက် နေစရာတွေပြလုပ်ပေးဖို့ စီစဉ်နေပြီး စစ်ဘေးရှောင်တွေက ထောက်ပံ့မှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေပိုရလာမယ်လို့ မျှော်လင့်နေကြပတယ်။ 

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေကို လွတ်လပ်စွာနေထိုင်နိုင်ဖို့ တနေရာတည်းမှာ စုစည်းနေရာချပေးဖို့အတွက် ပြည်နယ်အစိုးရက စီစဉ်နေတယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က နိုဝင်ဘာ ၂၆ ရက်မှာ ပြောကြားခဲ့ပါတယ်

မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီးလည်းဖြစ်၊ စစ်ဘေးရှောင်အရေးဆောင်ရွက်နေတဲ့ ဌာနေ နေရပ်စွန့်ခွာသူများ ဆိုင်ရာအဆင့်မြင့်ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူက မိမိတို့ အသက်လုံခြုံရေးအတွက် မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးခိုလှုံလာတဲ့ စစ်ဘေးရှောင်ပြည်သူတွေ တနေရာတည်း စုပေါင်းနေထိုင်နိုင်မယ့် မြေနေရာတွေ ရှာဖွေနေတယ်လို့ ဒေသ တွင်းမီဒီယာတွေကို ပြောကြားခဲ့တာပါ။

India For Myanmar အဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်  “သူတို့ရဲ့ အစီအစဉ်အရ နေခိုင်းမယ်၊ အနီးနားမှာ ခြံလေးတွေ၊ ဘာလေးတွေ၊ တောင်ယာတွေ ကိုယ့်ဘာသာခုတ်လို့ရမယ်။ အလုပ်လုပ်ချင်တဲ့သူ အလုပ်လုပ်ခွင့်ကတ်လိုဟာလေးတွေ လုပ်ပေးပြီးတော့မှ မြို့တွေ၊ ရွာတွေ တက်ပြီး အလုပ်လုပ်ခွင့်ရမယ် စသဖြင့် ပုံစံမျိုးစုံနဲ့ ကူညီဖို့ရှိတော့ ကောင်းတဲ့ အရွေ့တခုဖြစ်လာမယ်။ တဖက်မှာတော့ မြို့ပေါ်မှာ အိမ်ငှားနေမယ့်သူတွေ စစ်ဘေးရှောင်စခန်းမှာ သိပ်မနေတဲ့သူတွေကို အတင်းအဓမ္မရွေ့ခိုင်းမလား၊ ဆက်လက်ပြီး နေခွင့်ပြုမလားဆိုတဲ့အပေါ် မူတည်သေးတယ်” လို့ ပြောပါတယ်။

ချင်းပြည်နယ်က ပြည်သူတွေဟာ တိုက်ပွဲတွေကြောင့် နယ်စပ်ဒေသဖြစ်တဲ့ မီဇိုရမ်ပြည်နယ်ဘက်ကို စစ်ဘေးတိမ်းရှောင်ခဲ့ကြရတာပါ။ ချင်းပြည်သူတွေဟာ မြို့ရွာအလိုက် စစ်ဘေးရှောင်လာကြရပြီး သူတို့ အစုအဖွဲ့အလိုက် စစ်ဘေးရှောင်စခန်းတွေ ဆောက်လုပ် နေထိုင်ကြသလို အများစုကတော့ အိန္ဒိယနိုင်ငံသားပိုင် နေအိမ်တွေမှာ အိမ်ငှားနေထိုင်ကြရတာတွေလည်း ရှိပါတယ်

မီဇိုရမ်ပြည်နယ်အစိုးရရဲ့ စာရင်းမှာ မြန်မာစစ်ရှောင် ၄၃၀၀၀ ကျော်သာရှိပြီး လက်တွေ့မှာ ရောက်ရှိနေတဲ့ပြည်သူ ၆ သောင်းကျော်ရှိတဲ့အတွက် အစိုးရက နေရာစီစဉ်ပေးတဲ့အခါ နေစရာမလုံလောက်တာတွေ၊ သောက်သုံးရေမလုံလောက်မှုတွေအတွက်လည်း စိုးရိမ်ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် ICA အတွင်းရေးမှူး ဆလိုင်းဗန်ဆွီးဆန်က ပြောပါတယ်။

“မီဇိုရမ်မှာရှိတဲ့ refugee က ၄ သောင်းကျော်ရှိတယ်၊ လက်တွေ့မှာက ၆ သောင်းနီးပး ရှိတယ်ပေါ့။ အဲ့ဒီလူဦးရေကို တနေရာတည်းထားဖို့ အဆောက်အဦရော၊ မြေနေရာရော ပြီးတော့ မီဇိုရမ်ဆိုတာကလည်း တောင်ပေါ်ဒေသဖြစ်တဲ့အခါကျတော့ နေရာထိုင်ခင်းက လူပေါင်း ၃ သောင်းကျော် ၄ သောင်းနေထိုင်နိုင်ဖို့အတွက် အဆင်ပြေပါ့မလားဆိုတာ တချက်၊ ဒီဘက်မှာက ရေလည်း အရမ်းရှားတော့ ရေသုံးတာတွေဘာတွေကအစ အဆင်ပြေနိုင်ပါ့မလားပေါ့။ နောက်ပြီးတော့ အလုပ်အကိုင်အတွက်ပေါ့နော်၊ တနေရာတည်းမှာထားရင် ကောင်းတာတခုက ဒိုနေးရှင်း လာလုပ်ရင် တနေရာတည်းမှာပဲ တန်းတူ ရကြလိမ့်မယ် တော်တော်လေးအဆင်ပြေပါလိမ့်မယ်။”

စစ်ဘေးရှောင်တွေဟာ ထောက်ပံ့မှုမရရှိဘဲ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတဲ့ မီဇိုရမ်ပြည်နယ်မှာ ကျပန်းလုပ်ကိုင်ပြီးတော့သာ စားဝတ်နေရေးဖြေရှင်းကြရတယ်လို့ သိရပါတယ်။

စစ်ရှောင်တွေအတွက် နေစရာစီစဉ်ပေးမှာဟာ မီဇိုရမ်ပြည်နယ်မှာ တသက်လုံးနေထိုင်ဖို့အတွက် မဟုတ်ဘဲ မိမိတို့ဒေသ တည်ငြိမ်အေးချမ်းမှုမရှိခင်အတွင်းမှာ မိမိဘာသာ ရပ်တည်နိုင်ရေးအတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013