
နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ လူငယ်တွေနဲ့ CDM လုပ်ထားတဲ့ ဝန်ထမ်းတွေကို ရန်ကုန်လေဆိပ် အထွက်မှာတင် စောင့်ကြပ်ဖမ်းဆီးတာတွေ ပိုပြီးလုပ်ဆောင်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေဆီက သိရပါတယ်။
ပြည်တွင်းကနေ လေကြောင်းလိုင်းကတဆင့် နိုင်ငံခြားကို ထွက်ခွာမယ့်သူတွေကို စောင့်ကြပ်စစ်ဆေးတာတွေ ပိုပြီးလုပ်ဆောင်နေတာဖြစ်ပြီး မှတ်တမ်းပါ ပြစ်ချက်အရ ဖမ်းဆီးခံရသူတွေ ဆက်တိုက်ရှိနေတယ်လို့ ဆိုပါတယ်။
ရန်ကုန်လေဆိပ်မှ ပြည်ပကို ထွက်ခွာခဲ့သူတယောက်က “သူတို့ဆီမှာ မှတ်တမ်းအသစ်တွေ ထပ်ရောက်နေတယ် ပြောတယ်။ အဲဒါနဲ့ တိုက်ဆိုင်စစ်ဆေးနေတာလို့ သိရတယ်။ ဒီနေ့ ကိုယ်တိုင် မြင်ရသလောက်ဆို လူငယ်ပိုင်းထဲက ၁၀ ယောက်ကျော်ကို ဖမ်းထားတာတွေ့တယ်” လို့ ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း ရန်ကုန်လေဆိပ်မှာ ပြည်ပထွက်မယ့်သူတွေကို ကြပ်မတ်စစ်ဆေးတာတွေ ပိုလုပ်နေသလို ရဲအင်အား ပိုပြီးချထားတယ်လို့လည်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ဆိုပါတယ်။
စစ်ကောင်စီက လူငယ်တွေ ပြည်ပထွက်ခွင့်ကို တင်းကျပ်တားမြစ်နေပြီး တတ်နိုင်လို့ ငွေကြေးပေးနိုင်ရင်တော့ လေဆိပ်တာဝန်ကျသူတွေက ခွင့်ပြုပေးတာ ရှိနေတယ်လို့လည်း သူတို့က ပြောပါတယ်။
တောင်းတဲ့ငွေပမာဏ မပေးနိုင်လို့ လေယာဥ်လက်မှတ်ခ အဆုံးခံပြီး ပြန်လာခဲ့ရသူတယောက်က “အခုက ဆန္ဒပြခဲ့ကြတဲ့ကာလမှာ ပါခဲ့တဲ့သူတွေ မှတ်တမ်းတွေ လေဆိပ်မှာ ရှိနေတယ်။ အဲဒီသူတွေကို အဓိကစောင့်ကြည့်ပြီး တခါတည်း ဖမ်းတယ် ပြောတယ်။ ကိုယ့်ရှေ့မှာလည်း အဖမ်းခံရသူတွေ တွေ့ခဲ့ရတယ်။ မှတ်တမ်းစာရင်းထဲ မပါရင် ထွက်ရအောင် လုပ်ပေးမယ်၊ ဒီအတိုင်းတော့ မရဘူး၊ လမ်းကြောင်းကြေး ပေးရမယ် ပြောတယ်” လို့ ပြောပါတယ်။
လေဆိပ်ကနေ ထွက်ခွာခွင့်အတွက် ကျပ် သိန်း ၅၀ နီးပါးအထိ ပေါက်စျေးရှိကာ သိန်း ၄၀ စွန်းစွန်းနဲ့ လေဆိပ်မှ စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေက စျေးညှိပေးတာမျိုး ရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီက အလုပ်အကိုင်ပတ်စ်ပို့ (PJ) နဲ့ ပြည်ပထွက်ခွာတာတွေကို ထိန်းချုပ်နေတာအပြင် အလည်အပတ်ပတ်စ်ပို့ (PV) နဲ့ ထွက်ခွာမယ့် လူငယ်တွေကိုပါ နည်းမျိုးစုံနဲ့ တားဆီးတာ၊ ငွေညှစ်တာတွေပါ လုပ်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေရဲ့ အချက်အလက်တွေကို နယ်မြေအလိုက် စာရင်းပြုစုပြီး ပြည်ပထွက်ချိန်မှာ စောင့်ဆိုင်းဖမ်းဆီးမှုတွေ ရှိနေတာကြောင့် ဒီရက်ပိုင်းထဲ နေ့စဥ် ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့လည်း လေဆိပ်ဝန်ထမ်းတချို့က ထပ်လောင်းအတည်ပြု ပြောပါတယ်။