
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း အတွေးအမြင်များစွာ ပြောင်းလဲလာပါတယ်။ ပထမအစတော့ “ရရင်ရ၊ မရရင်ချ”၊ “သူ့ဘက် ကိုယ့်ဘက်”၊ “CDM နဲ့ Non-CDM”၊ “သုည နဲ့ တစ်” — နှစ်ခုတည်းသော အမြင်။ နာကြည်းစရာတွေ (grievances) နဲ့ ပြည့်ကျပ်လာတော့ လက်နက်ကိုင်တော်လှန်ရေးက ရှေ့တန်းရောက်လာကာ ထိုနည်းကသာ အဖြေရယ်လို့ ထင်မြင်လာပါတယ်။
တဖြည်းဖြည်းနဲ့ နှစ်ဦးနှစ်ဖက် အပြန်အလှန်ထိုးနှက်လာရာကနေ ထိခိုက်မှုတွေ၊ ဒဏ်ရာဒဏ်ချက်တွေက ဘက်နှစ်ဘက်တည်းမှာ မဟုတ်တော့ဘဲ အားနည်းတဲ့၊ နွမ်းပါးတဲ့ အခြေခံပြည်သူလူထုကိုပါ ရိုက်ခတ်လာပါတော့တယ်။ သုံးနှစ်ကျော်ကာလမှာ ပြည်သူလူထုက နေရပ်စွန့်ခွါရ၊ လက်နက်ကြီးသင့်ရ၊ ပညာမသင်ကြားရ၊ ကျန်းမာရေးဝန်ဆောင်မှုတွေ မရနဲ့ အခက်တကာ့အခက်ဆုံး အခြေအနေကို ရင်ဆိုင်လာရပါတယ်။ ကနဦးမှာတော့ “သုည နဲ့ တစ်” လို့ပဲ တွေးနေရာက အချိန်ကြာလာတာနဲ့အမျှ သုညနဲ့ တစ်ကြားမှာ ဒသမကိန်းတွေ ရှိနေပါလားရယ်လို့ အမြင်ပြောင်းလဲလာပါတယ်။
“အဖြူနဲ့ အမည်း”၊ “သုညနဲ့ တစ်” စသဖြင့် နှစ်ခုတည်းသောအရာကိုပဲ ရှုမြင်တာကို ဒွိမြင်မှားမှု (Binary Illusion) လို့ ခေါ်ပါတယ်။ မနူးမနပ် လူငယ်တယောက်အနေနဲ့ အာဏာသိမ်းပြီးနောက် အခြေအနေကို ရှုမြင်ရာမှာ အာဏာသိမ်းပြီးခါစကတော့ မြန်မြန်ပြီးမယ့်နိုင်ငံရေးပဲလို့ ထင်ပါတယ်။ တနှစ်လောက် ကြာလာတော့ လက်နက်ကိုင်တိုက်ယူမှ ရမှာပဲရယ်လို့ ထင်မြင်လာပါတယ်။ “ရရင်ရ၊ မရရင်ချ” ဆိုတဲ့ အမြင်ပါ။ လက်နက်ကိုင်တိုက်ယူပြီးရင် ဖက်ဒရယ်ဒီမိုကရေစီနဲ့ ရှေ့ဆက်ခြင်းက အဖြေပဲလို့ မြင်လာပါတယ်။ တကယ်လည်း အဟုတ်ပါပဲ။ ဖက်ဒရယ်ဒီမိုကရေစီနဲ့ တိုင်းပြည်မတည်ဆောက်ရင် မြန်မာနိုင်ငံဟာ ငြိမ်းချမ်းသာယာတဲ့အနာဂတ် မရှိလာနိုင်ပါဘူး။ သို့ပေတဲ့ အရှိတရားက ဒါ့ထက်ပိုမိုရှုပ်ထွေးပါတယ်။
လက်နက်ကိုင်တော်လှန်ရေးနဲ့အတူ ပါလာတာက အသက်ဆုံးရှုံးမှု၊ အိုးအိမ်ပြာကျမှု၊ အနာဂတ်ပျောက်မှုတို့ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး ရှည်ကြာလာတာနဲ့အမျှ အထိအနာဆုံးက တိုက်ပွဲမှာ အသက်ပေးနေတဲ့ ရဲဘော်တွေနဲ့ အောက်ခြေ ပြည်သူလူထုပါ။ လက်နက်ကိုင်တော်လှန်ရေး တခုတည်းကြောင့် မဟုတ်ဘဲ ဆုတ်ယုတ်လာတဲ့ စီးပွားရေး၊ ငွေကြေးဖောင်းပွမှု၊ ကုန်စျေးနှုန်းအဆမတန် မြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးမှုတို့ကလည်း အောက်ခြေလူတန်းစားကို ထိုးနှက်လျက်ရှိပါတယ်။ ဒုက္ခပင်လယ်ဝေနေရတဲ့ ပြည်သူလူထုမှာ ရာသီဥတုဘေးကြောင့်လည်း သောကပွားရပါသေးတယ်။
ထိုသို့ ရှုပ်ထွေးပွေလီမှုတွေအပြင် လေကြောင်းရန်ကြောင့် စိတ်မလုံခြုံခြင်း၊ စစ်မှုထမ်းဥပဒေကြောင့် ရတက်မအေးခြင်းတို့ကိုလည်း ပြည်သူလူထုက ထပ်ဆောင်းခံစားရပါတယ်။ အဘက်ဘက်က ကျပ်တည်းလာနေသော်လည်း တဖက်က စစ်ရေးပဋိပက္ခကလည်း လျော့ကျမသွားပါဘူး။ ထိုအခါမှာ ဒီအကျပ်အတည်းကနေ ဖောက်ထွက်ဖို့ရာ “ရရင်ရ၊ မရရင်ချ” ဆိုတဲ့ “သုညနဲ့ တစ်”ရှုမြင်မှုနဲ့တင် မလုံလောက်တော့ဘူးလို့ မြင်လာပါတယ်။
ချနေရုံတခုတည်းနဲ့ ဒီတော်လှန်ရေးက အောင်မြင်မှာမဟုတ်ဘဲ အပျော့ဆွဲအားတွေဖြစ်တဲ့ ညှိနှိုင်းခြင်း၊ အပေးယူလုပ်ခြင်း၊ အာဏာချိန်ခွင်လျှာညှိခြင်း တို့ကိုလည်း အခွင့်အားလျော်စွာ လုပ်နိုင်ရပါမှာလားလို့ သဘောပေါက်လာပါတယ်။ ဒါဟာ သုည နဲ့ တစ် ကိန်းနှစ်ခုတည်းကို မှတ်ယူတာ မဟုတ်တော့ဘဲ ကြားက ဒသမကိန်းတွေကို မြင်လာတာပါ။ တော်လှန်ရဲဘော်တွေ၊ ပြည်သူတွေ အထိနာတာ များလာလေလေ ဒသမကိန်းတွေ ပိုလိုလာလေလေပါပဲ။ တော်လှန်ရေးမှာ ပါဝင်နေတဲ့ ဇာတ်ကောင်တွေအနေနဲ့ အခွင့်အခါသင့်သလို အပျော့ဆွဲအားကို အသုံးချနိုင်မှ ပြည်သူရော တော်လှန်ရဲဘော်တွေပါ အထိလည်းသက်သာ တော်လှန်ရေးလည်း အောင်မြင်မှာ ဖြစ်ပါတယ်။ TNLA၊ MNDAA၊ AA တို့ရဲ့ လုပ်ဆောင်ချက်တွေမှာ ဒါကို မြင်ရပါတယ်။ အင်နဲ့အားနဲ့၊ သွေးနဲ့ချွေးနဲ့ ရင်းပြီး နယ်မြေတွေ သိမ်းယူပြီးနောက် ပြည်သူအထိနာသက်သာကာ ရေရှည်တည်ငြိမ်တဲ့ နယ်မြေစိုးမိုးရေးရအောင် အပျော့ဆွဲအားတွေကို အသုံးချရတာပါပဲ။ ဒီနေရာမှာ အင်အားကြီးနိုင်ငံလည်းဖြစ်သလို စစ်တပ်အပေါ် လွှမ်းမိုးနိုင်စွမ်းလည်းရှိတဲ့ တရုတ်နိုင်ငံကို ဘယ်ပုံဘယ်နည်း အသုံးချကာ၊ အပေးအယူလုပ်ကာ တော်လှန်ရေးအခြေနေကို ပြောင်းလဲပစ်မလဲ ဆိုတာက အခရာကျလာပါတယ်။ အလားတူပဲ အနောက်နိုင်ငံတွေရဲ့ လူသားစာနာအကူညီတွေကိုလည်း ပစ်ပယ်ထားလို့ မရပြန်ပါဘူး။
ဒါကြောင့် “သုည နဲ့ တစ်” အမြင်ကဲ့သို့ တရုတ်ကိုဆန့်ကျင်မယ်၊ အနောက်နိုင်ငံတွေနဲ့သာ ဆက်ဆံမယ်ရယ်လို့ ခေါင်းမာနေလို့ မရပါဘူး။ ထိုအင်အားတွေကို အာဏာချိန်ခွင်လျှာ အပြောင်းအလဲအတွက် ဘယ်လိုအသုံးချမလဲဆိုပြီး အကွက်ချောင်းနေဖို့လိုကြောင်း ရှုမြင်လာပါတယ်။ အခုဆိုရင် စစ်ကောင်စီဘက်က သန်းခေါင်စာရင်းကောက်ကာ ရွေးကောက်ပွဲလမ်းနဲ့ အပျော့ဆွဲဖို့ လုပ်နေပါပြီ။ တဖက်မှာလည်း လေကြောင်းက ဗုန်းကြဲတိုက်ခိုက်တာတွေက ရပ်မသွားပါဘူး။ စစ်ကောင်စီကိုယ်တိုင်က စစ်တိုက်တာတခုတည်း လုပ်နေတာ မဟုတ်ဘဲ အပျော့ဆွဲအားကို အသုံးချပြီး သံတမန်ရေးနည်း၊ တရုတ်နိုင်ငံရဲ့ ကြားဝင်တဲ့နည်းတွေကိုပါ အသုံးချနေတာကို သတိပြုမိဖို့ လိုပါလိမ့်မယ်။ စစ်ကောင်စီအနေနဲ့ အလွယ်လေး လက်လျှော့ကာ နိုင်ငံရေးကထွက်ခွာဖို့ မရှိတဲ့အတွက် စစ်ကောင်စီကို ဖြုတ်ချနိုင်ဖို့ ပဋိပက္ခမှာ ပါဝင်နေတဲ့ ဇာတ်ကောင်တွေအားလုံးက အခြေခံကောင်း(ဟိတ)တွေကို မပြတ် ဖန်တီးနိုင်မှ ရပါမယ်။
၂၀၂၄ အောက်တိုဘာလကစလို့ အာဆီယံ အပါအဝင် တရုတ်၊ အိန္ဒိယတို့ကပါ မြန်မာ့ပဋိပက္ခအတွက် နိုင်ငံရေးနည်းနှင့် ဖြေရှင်းဖို့ အင်တိုက်အားတိုက် တွန်းလာပါတယ်။ စစ်ကောင်စီကိုလည်း အရေးတယူ ဆက်ဆံလာနေပါတယ်။ ဒီအခြေအနေမှာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ သုညနဲ့ တစ်မှ ခွာထွက်ကာ အရွေ့တခုကို ဘယ်ပုံဘယ်နည်း ဖော်ဆောင်မလဲ သတိချပ်သင့်ပါတယ်။
ဟိတေ
(သူ့အတွေး သူ့အမြင် – Op-Ed)
(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)