Home
နိုင်ငံတကာ
အစ္စရေးက ဂါဇာကို အကူအညီဝင်ရောက်ခွင့် ပိတ်ပြီး ဟားမတ်စ်ကို ဖိအားပေး
DVB
·
March 3, 2025
Photo: Mahmoud Issa/Reuters

ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲရေး သက်တမ်းထပ်တိုးနိုင်ဖို့ အစ္စရေးဘက်က ဖိအားပေးတဲ့ အနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ဝင်ရောက်ခွင့် ပိတ်လိုက်ပါတယ်။

မတ် ၁ ရက်နေ့မှာ ပထမအဆင့် အပစ်ရပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ဟားမတ်စ်ဘက်က အဆိုပြုချက်အသစ်ကို လက်ခံလာအောင် ဖိအားပေးနေတာ ဖြစ်ပါတယ်။

အခုလိုမျိုး ကုန်စည်တွေနဲ့ ထောက်ပံ့မှုမှန်သမျှကို ပိတ်ဆို့ထားတာကြောင့် ဂါဇာဒေသခံ ၂ သန်းနီးပါးရဲ့ အခြေအနေ ပိုဆိုးလာနိုင်သလို ကျန်ရှိနေသေးတဲ့ အစ္စရေးဓားစာခံတွေရဲ့ လွတ်မြောက်ရေးကလည်း မရေမရာ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့လည်း အစ္စရေးနိုင်ငံရဲ့ ကန့်သတ်ချက်တွေထဲမှာ ရေအသုံးပြုခွင့်တော့ မပါဝင်ဘူးဆိုပြီး အတည်ပြုပါတယ်။

မွတ်စလင်တွေရဲ့ ဥပုသ်လ-ရာမဒန်မှာ အစ္စရေးဘက်က အပစ်အခတ်ရပ်စဲရေးကို ၆ ပတ်ကြာ ယာယီသက်တမ်းတိုးဖို့အတွက် အဆိုပြုခဲ့တာပါ။

အဲဒီကာလအတွင်း ဟားမတ်စ်ဘက်က အသက်ရှင်ကျန်ရစ်နေတဲ့ အစ္စရေးဓားစာခံတဝက်နဲ့ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းထက်ဝက်ကို ပြန်လွှဲပေးဖို့ဖြစ်ပါတယ်။

တကယ်လို့သာ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့က အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးဖို့ ငြင်းဆန်ရင် “မလိုလားအပ်တဲ့ အကျိုးဆက်တွေ” ဖြစ်လာနိုင်တယ်ဆိုပြီး အစ္စရေးက ခြိမ်းခြောက်ထားပါတယ်။

လောလောဆယ် ဟားမတ်စ်ဘက်က အစ္စရေးရဲ့ အဆိုပြုချက်ကို ပယ်ချထားပြီး  “အပေါစားဆန်တဲ့ ခြိမ်းခြောက်တောင်းယူမှု” ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

အဲဒီနောက် အဆင့် ၃ ဆင့် ပါဝင်တဲ့ အပစ်ရပ်သဘောတူညီချက်ရဲ့ ဒုတိယအဆင့်အတွက်တော့ ဆက်ဆွေးနွေးဖို့ ဆန္ဒရှိတယ်ဆိုပြီး ဟားမတ်စ်က ဖြည့်စွက်ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ကလည်း အပစ်ရပ်ကာလအတွင်း ညှိနှိုင်းဆွေးနွေးမှုတွေဟာ “ထိရောက်မှုမရှိဘူး” ဆိုတာ သေချာလာရင် ဂါဇာဒေသမှာ စစ်ဆင်ရေးတွေ ပြန်စတင်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

တဖက်မှာ နေတန်ယာဟုဟာ အပစ်ရပ် သဘောတူညီချက်ရဲ့ ဒုတိယအဆင့်အတွက် ဆွေးနွေးတာမျိုး မလုပ်သေးတဲ့အလျောက် ပြည်တွင်းမှာ ဝေဖန်ခံနေရတဲ့အပြင် ဆန္ဒပြပွဲတွေပါ ပေါ်ပေါက်လာခဲ့ပါတယ်။

၁၇ လကြာစစ်ပွဲကြောင့် ဖွတ်ဖွတ်ညက်ညက် ကြေနေတဲ့ ဂါဇာဒေသက ပါလက်စတိုင်းတွေကို  အကူအညီ ဆက်ပေးဖို့ဆိုရင် မဖြစ်မနေ အပစ်ရပ်သဘောတူညီချက် လိုအပ်တယ်ဆိုပြီး လူသားချင်းစာနာမှုအဖွဲ့တွေ အနေနဲ့  တောင်းဆိုထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013