
မကွေးတိုင်း၊ မကွေးမြို့၊ ကမ်းနားလမ်းရှိ ညစျေးက လမ်းဘေးစားသောက်ဆိုင်တခုမှာ ဂက်စ်မီးဖို ပေါက်ကွဲပြီး ဒဏ်ရာရရှိသူတွေကို မတ် ၂ ရက် ညနေပိုင်းက ဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့ မကွေးလူမှုကူညီရေးအသင်းက ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ဖြစ်တာက ၃ ဦး၊ ၂ ဦးက မီးလောင်ဒဏ်ရာ များတယ်။ တဦးက မီးဟပ်တာလောက်ပဲ။ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရပါတယ်။ မကွေးမြို့နယ်ထဲက ဆားတိုင်ကန်ရွာကပါ” လို့ ပြောပါတယ်။
ထိခိုက်မိသူတွေဟာ ဆိုင်ထိုင်ရင်း ဟော့ပေါ့အိုးကို ဂက်စ်မီးဖိုအပူပေးရာမှ ဓာတ်ငွေ့ယိုစိမ့်ကာ မီးလောင်ပေါက်ကွဲခဲ့ပြီး လက်နဲ့ မျက်နှာတွေမှာ အရေပြားလောင်ကျွမ်းသွားတာ ဖြစ်ပါတယ်။
ပူပြင်းရာသီ ရောက်လာတာကြောင့် စားသောက်ဆိုင်သုံး မီးအပူပေးစက်၊ ဂက်စ်မီးဖိုတွေကို နေ့စဉ် စစ်ဆေးသင့်ပြီး မီးဘေးအန္တရာယ်အတွက် မီးသတ်ဘူး ဆောင်ထားသင့်သလို အရေးပေါ်နံပါတ်တွေ ဆိုင်တွေမှာ ပြသထားသင့်တယ်လို့ မကွေးမီးသတ်အဖွဲ့ဝင်တယောက်က အကြံပြုထားပါတယ်။
ဒဏ်ရာရရှိသူ ၃ ယောက်ထဲက အပူလောင်နာ များပြားသူ အသက် ၁၈ နှစ်အရွယ် မိန်းကလေးတယောက်နဲ့ ယောကျ်ားလေးတယောက်ကို မြေပြင်ကုသမှုတွေ ပေးခဲ့ပြီး မကွေးပြည်သူ့ဆေးရုံကို အရပ်ဘက်အသင်းယာဉ်နဲ့ ပို့ဆောင်ကုသပေးထားပါတယ်။