Home
မြန်မာသတင်း
ရန်ကုန်တွင် ဖေဖော်ဝါရီလအတွင်း သပိတ်လှုပ်ရှားမှု ၉ ကြိမ်ရှိခဲ့
DVB
·
March 3, 2025
Photo: RSN

ရန်ကုန်မြို့မှာ ၂၀၂၅ ဖေဖော်ဝါရီလအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှု ၉ ကြိမ်ရှိခဲ့တယ်လို့ မတ်လ ၂ ရက်မှာ Rangoon Scout Network RSN က ပြောပါတယ်။

ဒီလှုပ်ရှားမှုတွေကို သပိတ်အဖွဲ့ ၉ ဖွဲ့နဲ့ ကျောင်းသားတွေက အာဏာရှင်ဆန့်ကျင်ရေး ဘန်နာ ချိတ်ဆွဲမှု ၄ ကြိမ်၊ စာရေးသားသပိတ် ၃ ကြိမ်၊ ဓာတ်ပုံသပိတ်လှုပ်ရှားမှု တကြိမ်နဲ့ လက်ကမ်းစာစောင် ဖြန့်ဝေလှုပ်ရှားမှု တကြိမ်တို့ ပါဝင်လုပ်‌ဆောင်ခဲ့ပါတယ်။

RSN အဖွဲ့ သတင်းပြန်ကြားတာဝန်ရှိသူက “သပိတ်လှုပ်ရှားမှုက ၉ ကြိမ်။ ရန်သူဘက်က ထူးခြားမှုတွေက စစ်ဘေးရှောင်တွေကို စာရင်းကောက်ပြီး ထောက်ပံ့ကြေးပေးတာ။ PDF ၁၀ ဦး အလင်းဝင်လာတယ်ဆိုပြီး ထုတ်ပြန်တာ။ ဒေါပုံဘက်မှာ စာရင်းကောက်ရင်း မီးရှို့ခံရတော့ မြို့နယ်ထဲ ၅ ယောက်ထက်ပိုပြီး လူမစုရဆိုပြီး ထုတ်ပြန်တာ။ အုပ်ကြီးတချို့ကို စစ်မှုထမ်း လူဆွဲတဲ့ကိစ္စနဲ့ အယောင်ပြ အရေးယူတာ။ တချို့မြို့နယ်တွေမှာ လျှပ်စစ်မီးရချိန် အချိန်ပြန်တိုးပေးတာ။ ဒါတွေတော့ ဒီလထဲ ထူးခြားတာ တွေ့မိတယ်။ ကျန်တာက ယေဘုယျအားဖြင့်တော့ အရင်လတွေအတိုင်း လည်ပတ်နေကြတယ်။ စစ်မှုထမ်းဆို အမှတ်စဉ် ၁၀ အတွက် သင်တန်းစတာ၊ အမှတ်စဉ် ၈ သင်တန်းဆင်းလာတာ ရှိပါတယ်”လို့ ဆိုပါတယ်။

စစ်အာဏာသိမ်း ၄ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်တည်းမှာပဲ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ၃ ခု ပြုလုပ်ခဲ့ကြပါတယ်။

ဒီအဖွဲ့တွေကတော့ “We Are Still Under the Military's Boots” အမည်နဲ့ Yangon Revolution Force YRF၊ ‘All Power to the People" အမည်နဲ့ ဘန်နာချိတ် သပိတ်ဖော်ဆောင်ခဲ့တဲ့ General Strike Committee GSC၊ ‘လဲကျလဲ ပြန်ထ’ အဓိပ္ပာယ်နဲ့ Youth of anarchy ရဲ့ ပစ်တိုင်းထောင်သပိတ်ကိုလည်း ပြုလုပ်နိုင်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၇ ရက်မှာ “ချစ်ခြင်းတရားနဲ့ မဟုတ်မခံစိတ်က လွဲရင် တခြားအများကြီး မလို၊ မျှတသောလောကသစ်ကို မင်းရဖို့” အမည်နဲ့ ဘန်နာချိတ်ဆွဲခြင်းကို AAMIJ အဖွဲ့က ပြုလုပ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၈ ရက်မှာ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့နဲ့ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်းတို့ရဲ့ “အာဏာရှင်ကို တော်လှန်နေတာ သင်တို့နဲ့ မဆိုင်ဘူး၊ ကျော်သွားကြပါ၊ စစ်မှုထမ်းဖို့ သွားကြပါ ”အမည်နဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ဖေ‌ဖော်ဝါရီ ၉ ရက်မှာတော့ တရက်တည်း လှုပ်ရှားမှု ၂ ကြိမ်ရှိခဲ့ပြီး Youth of anarchy ရဲ့ “ အထွေထွေ ဖိနှိပ်မှုကို အန်တုကြ၊ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့ ”အမည်နဲ့ လှုံ့ဆော်မှုပြုလုပ်ခဲ့သလို AAMIJ အဖွဲ့က “ Revolutionary People's Association ”အမည်နဲ့ ပြုလုပ်ခဲ့ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ပြုလုပ်ဖြစ်တာနဲ့ပတ်သက်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ Y4B ရဲ့ သတင်းပြန်ကြားတာဝန်ရှိသူတယောက်က  အခုလို ပြောပါတယ်။

“အထွေထွေ ဖိနှိပ်မှုအန်တုကြ၊ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” ကြွေးကြော်သံအတိုင်း ကျနော်တို့က ဘုံရန်သူ စကစကို တောက်လျှောက်ဖိအားပေးပြီး နည်းနာများကို အသုံးချကာ တိုက်ထုတ်ရမှာ ဖြစ်တယ်။ ၂၀၂၅ ခုနှစ်မှာ သပိတ်လှုပ်ရှားမှုတွေနဲ့ အာဏာရှင်ကို တိုက်ခိုက်နိုင်ဖို့အတွက် အဓိကက လူထုအဖွဲ့အစည်းတွေ၊ သပိတ်အင်အားစုတွေ၊ ‌ တော်လှန်‌ရေးအင်အားစုများနဲ့ ပြည်သူတွေဟာ စည်းလုံးညီညွတ်စွာ ပေါင်းစည်းနိုင်ရမယ်။ စုစည်းမှုကောင်းရင် သပိတ်ဟာ ထိရောက်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတစ်ခု ဖြစ်နိုင်ပါတယ်။ သပိတ်တွေကနေပြီး စစ်ကောင်စီကို ပြည်ပရဲ့ ဖိအား တိုးလာစေပါတယ်။”

ဖေဖော်ဝါရီ ၁၃၊ လွတ်လပ်ရေးဦးဆောင်သူ ဦးအောင်ဆန်းမွေးနေ့အထိမ်းအမှတ်နေ့မှာ “တော်လှန်သတင်းစကား လှုပ်ရှားမှု”ကို ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ Y4B နဲ့ ကျောင်းသားတွေက ပူးပေါင်းလုပ်ဆောင်ခဲ့သလို ဖေဖော်ဝါရီ ၂၂ ရက်မှာ စမ်းချောင်း ပင်မသပိတ်စစ်ကြောင်းနဲ့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ Y4B တို့က “ငုံ့မခံနဲ့ တုံ့ပြန်၊ အန်တု တွန်းလှန် ဖက်ဆစ်ဒဏ်” လှုပ်ရှားမှုကို လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။

လက်ရှိစစ်ကောင်စီအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ Y4B က မီးစာကုန်နေပြီလို့ ပြောပါတယ်။

“မီးစာကုန် ဆီခန်းတော့ ဖြစ်နေပါပြီ။ အသက်ထွက်ခါနီး အသက်ကယ်ဆေး (စိန၊ ချူချာ) ထိုးထားလို့ မသေမရှင် ဖြစ်နေတာပါ။ သက်ဆိုးရှည်နေတာပေါ့။ အသက်ကယ်ဆေးတွေကို ဖြတ်ချဖို့နဲ့ နေ့စေ့ကံကုန်ပြီး အမြန်ဆုံးသွားဖို့ ဝိုင်းကျုံးကြတာပေါ့။ တော်လှန်ရေးဘက်ကို ပြောရရင်လည်း ကျိုက်ထီးရိုးဘုရား တောင်ထိပ်ရောက်ခါနီး အခြေအနေလိုပါပဲ။ မြန်မြန်အားတင်းပြီး မြန်မြန်လျှောက်ရင် နေမဝင်ခင် ဘုရားဖူးရမှာပါပဲ။ ဒါကြောင့် အချင်းချင်း အာချောင်၊ ဝေဝါး၊ ရန်ဖြစ်နေတာတွေကို တော်လောက်ပါပြီ။ ဘုံရန်သူကို အမြန်မြန်ကျုံးပြီး ပွဲသိမ်းကြပါစို့လို့”

၂၂ ရက် ‌၂ လပိုင်း ၂၀၂၅ နေ့မှာပဲ “၂၂၂၂၂” သပိတ်ကို ရန်ကုန်မြို့လယ်ကောင်က လမ်းမတခုမှာ ရန်ကုန်တော်လှန်ရေးအင်အားစုတွေက ပြုလုပ်ပုံဖော်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်ခဲ့ကြပါတယ်။

၂၀၂၅ ဇန်နဝါရီလထဲမှာလည်း ဗကသများအဖွဲ့ချုပ်၊ Road To Rangoon၊ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့နဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းတို့က စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ကြပါတယ်။

ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ (Y4B)မှာ LinnYaungNi Youth Organization - LYNYO၊ Mayangone Democratic Front-MDF၊ Owl Community နဲ့ Kyimyindaing Networks-KMD18 တို့ ပါဝင်ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013