
ရန်ကုန်မြို့တွင်းက တချို့မြို့နယ်နဲ့ ရပ်ကွက်တွေမှာ ပြည်သူ့စစ်မှုထမ်းဖို့ လူဦးရေက တရပ်ကွက်ကို ၁၀ ယောက်အထိ တိုးမြှင့်ခေါ်ယူနေတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့တွင်းက တချို့မြို့နယ်တွေမှာ ရပ်ကွက်တခုကို စစ်မှုထမ်းဖို့ လူ ၂ ယောက်နှုန်းနဲ့ ပုံမှန်ခေါ်ယူ နေရာကနေ အမှတ်စဉ် ၁၀ အတွက် စစ်မှုထမ်းခေါ်ယူရာမှာတော့ တရပ်ကွက်ကို လူ ၁၀ ယောက်နှုန်း ပေးရမှာဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး အသိုက်အဝန်းကနေ သိရပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် ၁၀ အတွက် သင်တန်းသားအသစ် ခေါ်ယူရာမှာ သတ်မှတ်အရေအတွက် မပြည့်မီတဲ့အတွက် သင်္ဃန်းကျွန်းမြို့နယ်ထဲက တချို့ရပ်ကွက်တွေကို လူ ၁၀ ယောက်ထိ တိုးတောင်းနေတာဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“င၊ က၊ င/ခ ရပ်ကွက်ဘက်မှာ တရပ်ကွက်ကို ၁၀ ယောက်အထိ ပေးရမယ်လို့ အထက်က တောင်းတာ။ အရင်က စစ်မှုထမ်းလူစာရင်းကောက်ရင် ၂ ယောက်ပဲ ထည့်ပေးရတာ။ အခုက ၁၀ ယောက်တောင်ဆိုတော့ အုပ်ချုပ်ရေးမှူးတွေလည်း တော်တော်စိတ်ရှုပ်နေကြတယ်။ အဲတော့ ဘာဖြစ်လဲဆိုတော့ မရှိဆင်းရဲသားတွေနဲ့ လူစားထိုးတာတွေ၊ နောက်ပြီးတော့ ပျူစောထီးတွေက ဖမ်းလာတဲ့ လူတွေကို အုပ်ကြီးတွေက ရပ်ကွက်က ပိုက်ဆံကောက်ပြီး ဝယ်ပြီး ထည့်ပေးလိုက်တာတွေ ဖြစ်လာတာပေါ့။”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ အမှတ်စဉ် ၁၀ အတွက် အရည်အချင်းပြည့်မီတဲ့ သင်တန်းသားတွေနဲ့ တိုင်းစစ်ဌာနချုပ် ၆ ခုမှာ သင်တန်းဖွင့်ပွဲ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန် ကြေညာထားပါတယ်။
စစ်ကောင်စီရဲ့ အတင်းအကျပ် စစ်မှုထမ်းစေခိုင်းတဲ့အတွက် အမှတ်စဉ် ၆ လောက်က စတင်ပြီး လူစားထိုး စစ်မှုထမ်းစေတာ၊ စစ်မှုထမ်းမယ့်သူတွေကို ငွေပေးဝယ်တာ စတဲ့ တရားမဝင်ဈေးကွက်တွေ ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
တောင်ဒဂုံမြို့နယ်ထဲက ရပ်ကွက်တခုမှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက မိဘတွေကို မသိမပေးဘဲ လူငယ်တယောက်ကို ငွေနဲ့ရောင်းစားခဲ့တဲ့ ဖြစ်ရပ်မျိုးလည်း ရှိခဲ့ပါတယ်။
ဒေသခံတယောက်က “ရပ်ကွက်တရပ်ကွက်နဲ့ တရပ်ကွက်တော့ မတူဘူး။ တချို့ရပ်ကွက်တွေ ကျတော့ အုပ်ချုပ်ရေးမှူးတွေက ၈ ယောက်၊ ၁၀ ယောက်လောက်ထိ ခေါ်တယ်။ မရှိတဲ့သူတွေကတော့ အဓိကပါတယ်၊ ရပ်ကွက်တိုင်းတော့ မဟုတ်ဘူး။ တချို့ရပ်ကွက်ကတော့ ပုံမှန်ခေါ်နေကြအတိုင်းပဲ တယောက် ၂ ယောက်ပဲ။ တောင်ဒဂုံဘက်က ရပ်ကွက်တခုမှာဆိုရင် အုပ်ချုပ်ရေးမှူးက သူ့ဘေးအိမ်က ကလေးကို ထည့်ပေးလိုက်တာ။ မိဘက လိုက်သွားတော့မှ ဟိုဘက်က ဘာပြောလဲဆိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ၃၅ သိန်းနဲ့ ရောင်းစားထားတဲ့ ပုံစံမျိုးတွေ ဖြစ်နေတာ” လို့ ပြောပါတယ်။
အခုလို အတင်းအကျပ် စစ်မှုထမ်းခေါ်ယူတာမှာ အောက်ခြေလူတန်းစားတွေက အဓိကပစ်မှတ် ဖြစ်နေပြီး လူစားထိုးတာ၊ ငွေပေးပြီး လူအရောင်းအဝယ် လုပ်ခံရတဲ့ နေရာမှာလည်း အောက်ခြေလူတန်းစားတွေက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
NUG ရဲ့ အချက်အလက်တွေအရ စစ်မှုထမ်းဥပဒေ အတည်ပြုပြီး တနှစ်တာမှာ လူငယ်ပေါင်း ၂၃,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီ အတည်ပြုခဲ့တဲ့ စစ်မှုထမ်းဥပဒေအရ အမှတ်စဉ်တခုကို လူဦးရေ ၅,၀၀၀ သတ်မှတ်ခေါ်ယူနေတာ ဖြစ်တဲ့အတွက် အမှတ်စဉ် ၁၀ ထိ လူပေါင်း ၅၀,၀၀၀ လောက်ကို စစ်မှုထမ်းဖို့ ခေါ်ယူထားပြီး ဖြစ်တယ်လို့ စောင့်ကြည့်တဲ့အဖွဲ့တွေက ခန့်မှန်းပါတယ်။
ဝေဝေ