
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ စစ်မှုထမ်းဖို့အတွက် လူငှားထည့်ခွင့်မပြုတော့ဘဲ မဲပေါက်သူကိုယ်တိုင် စစ်မှုထမ်းဖို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သာပေါင်းဒေသခံတယောက်က “အရင် စစ်မှုထမ်းဆိုရင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ လူငှားပြီး ထည့်ပေးတာ လုပ်တယ်။ အခု ထည့်ပေးလို့ မရတော့ဘူး။ မဲဖောက်တာကို မြို့နယ်က ကိုယ်တိုင်ဆင်းလုပ်တယ်၊ မဲပေါက်သူ ကိုယ်တိုင်ပဲ စစ်မှုထမ်းရမယ်ဆို လုပ်လာပြီ” လို့ ပြောပါတယ်။
အခု စစ်မှုထမ်း အပတ်စဉ် ၁၀ ကနေ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က စတင်လုပ်လာတာကြောင့် ကျေးရွာတွေမှာ စစ်မှုထမ်းရှာရတာ ပိုခက်လာတယ်လို့ သိရပါတယ်။
“အုပ်မှူးတွေက လူငှားထည့်ပေးတယ်။ ခု မရဘူး။ အုပ်စုထဲကလူပဲ ဖြစ်ရမယ်၊ မဲပေါက်တဲ့သူက ငွေတတ်နိုင်လို့ လူငှားထည့်လည်း မရဘူး။ ပေါက်တဲ့သူကိုယ်တိုင် လိုက်ရမယ်။ ခု မြို့နယ်က ကိုယ်တိုင်ဆင်းပြီး မဲဖောက်တယ်၊ အုပ်စုတခုဆို NLD တွေချည်းပဲ၊ ရှာမပေးနိုင်ရင် ထွက်စာတင်ဖို့ စာရေးတွေ အုပ်မှူးတွေကို ပြောတယ်၊ စာရေးတွေ အုပ်မှူးတွေ ထွက်စာတင်ကြတာ ရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဧရာဝတီတော်လှန်ရေးအဖွဲ့ဝင် တယောက်က “အဲဒီတော့ အဲဒီစာရေးတွေ၊ အုပ်မှူးတွေ၊ သူတို့ပထွေးတွေရဲ့ စိတ်ရင်းအမှန်ကိုသိဖို့ အချိန်တန်ပြီ။ ပြည်သူ့ဘက်က ရပ်ပြီး ပြည်သူနဲ့ ပူးပေါင်းရမယ့် အချိန်ရောက်ပြီ” လို့ DVB ကို ပြောပါတယ်။
သာပေါင်းမြို့နယ် ကျေးရွာတွေမှာ အသက် ၁၈ ကနေ ၃၅ အတွင်းရှိ ပြည်သူတွေထံကနေ စစ်မှုမထမ်းလိုပါက တယောက် ကျပ် ၅၀,၀၀၀ ကနေ ကျပ် ၁၀၀,၀၀၀ ကြား ပေးနေရပြီး အခု ကောက်ခံကြေး ပိုများလာတယ်လို့ ကျေးလက်နေသူများဆီက သိရပါတယ်။
သာပေါင်းမြို့နယ်မှာ စစ်မှုထမ်း လူဦးရေ တိုးရှာခိုင်းပြီး မရှာနိုင်တဲ့ ရပ်ကျေးထွေအုပ်စာရေးတွေ နုတ်ထွက်စာတင်ဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပြောပြီး ဖေဖော်ဝါရီ ၁၆ ရက်မှာ ရပ်ကျေးစာရေးတွေ နုတ်ထွက်စာတင်ကြတယ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ နီးစပ်သူဆီက သိရပါတယ်။