Home
မြန်မာသတင်း
စစ်ကောင်စီ တပ်စခန်း ၁ ခုကို KNU သိမ်းပိုက်၊ လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ရွာသား ၅၀၀ ကျော် ထိုင်းဘက် ထွက်ပြေး 
DVB
·
March 3, 2025
Photo: ထိုင်းစစ်တပ်မှ ကရင်စစ်ဘေးရှောင်များအား အစာရေစာဝေငှစဉ်

ကရင်ပြည်နယ်၊ ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်ရှိ စစ်ကောင်စီရဲ့ တပ်စခန်းတခုကို ကရင်အမျိုးသားအစည်းအရုံး (KNU)  တပ်မဟာ ၇ လက်အောက်ခံ  တပ်မဟာ ၂၂ တပ်ရင်းက မတ် ၂ ရက်နေ့ မနေ့ညက သိမ်းပိုက်လိုက်တယ်လို့   ဒေသတွင်းသတင်းရင်းမြစ်က သိရပါတယ် ။ 

လှိုင်းဘွဲမြို့နယ် လယ်ပေါ်ဟဲရွာအနီးရှိ  စစ်ကောင်စီရဲ့   ပွိုင့် ၁၂၄၈  တောင်ကုန်းကို ကရင့်တော်လှန်ရေးတပ်ဖွဲ့ဘက်က ဖေဖော်ဝါရီ ၂၇ မှာ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ဘက်ကလည်း လေကြောင်းကနေ ဗုံးကြဲ စစ်ကူပေးနေတဲ့ကြားကပဲ စခန်းသိမ်းနိုင်ခဲ့တယ်လို့  ကေအန်ယူနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တယောက်က  ပြောပါတယ်။ 

“စခန်းသိမ်းတိုက်ပွဲစကတည်းက မြန်မာတပ်ဘက်က လေယာဉ်နဲ့ နေ့တိုင်းဗုံးလာကြဲပါတယ်။ တနေ့ ကို ၂ ခါ ၃ ခါ လာတယ်။ မနေ့ (မတ်လ ၂ ရက်)က ညနေ ၅ နာရီကနေ ၇ နာရီထိ တိုက်ပွဲပြင်းထန်တယ်၊ ဒီနေ့မနက်တော့ အဲဒီစခန်းမှာ မြန်မာတပ်က တယောက်မှ မကျန်တော့ဘူး။ ကရင့်တပ်ဖွဲ့က စခန်းက ဝါးစည်းရိုးတွေ မီးရှို့ဖျက်ဆီးနေတယ်။”

မနေ့တနေ့က စစ်ကောင်စီဘက်က YAK -130 လေယာဉ်နဲ့ ဗုံးလာကြဲတာမှာ  ဗုံးတွေက တောတောင်တွေထဲ ကျတာများတော့ နေအိမ်အဆောက်အဦတွေ ပျက်စီးတာမရှိဘူး။ 

ဖေဖော်ဝါရီ ၂၇ ရက်နေ့ကတော့ ရွာသား ၂ ယောက် ဒဏ်ရာရပြီး အခု ထိုင်းဘက်ခြမ်းဆေးရုံမှာ ကုနေတယ်၊  ရွာသားတွေလည်း ကြောက်ပြီး ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေတာမှာ ဒီကနေ့ထိ လူဦးရေ  ၅၀၀ ကျော်သွားပြီဖြစ်ပါတယ်။

စစ်ဘေးရှောင်ကရင် ရွာသားတွေဟာ သောင်ရင်းမြစ်ကိုဖြတ်ကူးပြီး ထိုင်းဘက်ခြမ်း ထာ့ဆောင်ယန်းမြို့နယ်၊ မဲ့အူးစူးအုပ်စု၊ နောင်ဘိုကျေးရွာမှာ ဝင်ရောက်ခိုလှုံနေတယ်။

စစ်ဘေးရှောင် ရွာသားတွေကို ထိုင်းစစ်တပ်၊ ကြက်ခြေနီတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးပိုင်းက အစာရေစာစတဲ့ လူသားချင်းစာနာမှုအကူအညီပေးနေတယ်၊ ထာ့ဆောင်ယန်းနဲ့ မဲဆောက်မြို့ပေါ်မှာလည်း  အလှူခံဌာန ဖွင့်လှစ်လက်ခံနေပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားရာနေရာဟာ ထိုင်းနယ်စပ်နဲ့ ၁ ကီလိုမီတာခန့်သာ ကွာဝေးတာကြောင့် ထိုင်းဘက်ခြမ်းက ရာ့ချ်မနူးစစ်ကြောင်း၊ အမှတ် ၃၅ ခြေလျင်တပ်နဲ့ နရေးဆွန်စစ်ကြောင်းမှ တပ်ဖွဲ့ဝင်တွေဟာ နယ်စပ်တလျှောက် ကင်းလှည့်ပြီး ထိုင်းနိုင်ငံ အချုပ်အခြာအာဏာနဲ့ ထိုင်းပြည်သူတွေရဲ့ လုံခြုံရေးကို စောင့်ရှောက်ပေးနေတယ်လို့  AEC အာဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013