Home
ဆောင်းပါး
အသေစောခဲ့တဲ့ ကျပ် အကြွေ နဲ့ ဒေါင်ဒေါင်မြည် ဘတ်ငွေ
DVB
·
March 3, 2025

နှစ်များစွာကြာ မေ့မေ့ပျောက်ပျောက် ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ရုတ်တရက် ပြန်ဆုံလိုက်ရသလို အကြွေစေ့လေးတွေကို ပွတ်သပ်ကြည့်၊ ခုန်ချက်မြန်လှတဲ့ နှလုံးသားက ဖြန်းခနဲ ဖြစ်မိတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးက ကန့်လန့်ကာ ချပေးလိုက်သလိုမျိုး။ ကျနော်တို့ မြန်မာကျပ်ငွေ အကြွေစေ့လေးတို့ဟာ အသေစောလှတဲ့ လူငယ်လေးတစ်ဦးပမာ ခေတ်ကြီးက စောစောစီးစီး နိဂုံးချုပ်ပေးခဲ့ပုံ၊ ကျနော် ဆက်တွေးကြည့်မိတယ်။

ရှစ်လေးလုံးအရေးတော်ပုံရဲ့ ဒီဘက် ရံဖန်ရံခါ အကြွေစေ့လေးတွေကို မြင်ခဲ့ရပေမဲ့ သူ့ရဲ့အသုံးဝင်မှု တန်ဖိုးက သုည။ အကြွေစေ့လေးတွေနဲ့ ဘာဆိုဘာမှ ဝယ်လို့မရအောင် ကုန်ဈေးနှုန်းတွေက ထောင်တက်သွားတယ်ဆိုတော့ စိတ်ကျန်းမာရေးမကောင်းသူ တစ်ယောက်တောင် လမ်းမပေါ် အကြွေစေ့လေးများ ကျနေရင် အဖက်လုပ် မကောက်တော့တဲ့အထိ ညှိုးညှိုးငယ်ငယ်။

အခု သောင်ရင်းမြစ်ခြား ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို နိုင်ငံရေးပြည်ပြေးဘဝနဲ့ နိုင်ငံမဲ့ တရားမဝင် ရောက်ရှိလာတော့ မတွေ့ရ မမြင်ရ ၃၇ နှစ်လောက်ကြာပြီဖြစ်တဲ့ အကြွေစေ့လေးတွေကို ဘွားခနဲ မြင်ရ၊ ငယ်ဘဝ ပြန်ရလိုက်သလို စိတ်က အတိတ်နောက်လိုက်ရင်း အလိုလိုပျော်လာပြန်တယ်။

ထိုင်းအကြွေစေ့က ပွိုင့် ၂၅ ပြား (.၂၅ပြား ) နဲ့ ပွိုင့်ပြား ၅၀ (.၅၀)အထိ မြင်ရတာကြောင့် ပွိုင့်တစ်ပြားစေ့လည်း ရှိခဲ့မယ့်ပုံ။ မဲဆောက်မြို့က အစုံရောင်းတဲ့ Makro စူပါမားကတ်ဆိုရင် သိပ်တိကျလွန်းတာကြောင့် အစွန်းထွက်ပြန်အမ်းငွေ ပွိုင့် ၂၅ ပြားနဲ့ ပွိုင့်ပြား ၅၀ အကြွေစေ့အထိ ပြန်အမ်းတာကို မြင်ရ။ ဒါပေမဲ့ မဲဆောက်မြို့က တခြားဈေးဆိုင်တွေမှာတော့ အသုံးဝင်မှု အကြွေစေ့က ၁ ဘတ်ကနေ စတယ်။ ၁ ဘတ်၊ ၂ ဘတ်၊ ၅ ဘတ်နဲ့ ၁၀ ဘတ်က အကြွေစေ့စစ်စစ် ငွေစက္ကူပုံစံမျိုး ထုတ်ထားခြင်း မရှိတာကြောင့် လုံးဝရေမရောတဲ့ အကြွေတွေလို့ဆိုရင် မမှား။

သက်သောင့်သက်သာ ရှိလှတဲ့ ဒီမနက်မှာ၊ ဘာရယ်မဟုတ်ဘဲ အဲဒီအကြွေစေ့လေးတွေကို ငေးကြည့်မိရင်း ကျနော့်ငယ်ဘဝ မဆလ နေဝင်ရီတရော ကာလမှာ ကောင်းကောင်း အသုံးဝင်နေသေးတဲ့ ရွှေပြည်ကြီးက မြန်မာအကြွေစေ့လေးတွေ မျက်လုံးထဲ ပေါ်လာတယ်။

မှတ်မိသေးတယ်။ အသိမပြည့်သေးတဲ့ ငယ်ဘဝကစလို့ အသက် ၃ နှစ်ကျော်အထိ အကြွေစေ့ မြင်ရင် ပါးစပ်ထဲ ကောက်ထည့်လိုက်မှာစိုးတာကြောင့် ကျနော့်ဘွားအေက အကြွေစေ့တွေကို ကလေး လက်လှမ်းမီနိုင်တဲ့နေရာတွေမှာ လုံးဝ မထားရ၊ တင်းကျပ်စွာ စည်းကမ်းချခဲ့ဖူးတယ်။

မကြာခဏဆိုသလို ကလေးတွေ ပါးစပ်ထဲ အကြွေစေ့ ကောက်ထည့်လိုက်လို့ မနည်းပြန်ဆွဲထုတ်ရ တာမျိုး၊ ဘယ်လိုမှ မတတ်နိုင်တော့လို့ ပြည်သူ့ဆေးရုံ တန်းပြေးရတာမျိုး ကြားနေတာကြောင့် စိုးရိမ်စိတ်ကြီးတဲ့ အဘွားက အကြွေစေ့ကို ကလေး မကိုင်မိအောင် သတိကြီးကြီး။

လေး၊ ငါးနှစ် အရွယ်ရောက်တော့ အကြွေစေ့ ပါးစပ်ထဲ လုံးဝမထည့်ရဆိုတဲ့ စည်းကမ်းချက်ကြီးနဲ့ အကြွေစေ့တွေကို ကိုင်ခွင့်ရတယ်။ အရင့်အရင်က တစ်ပြားစေ့ရှိခဲ့တယ်လို့ ကြားခဲ့ဖူးပေမဲ့ ကျနော်တို့ခေတ် အသုံးဝင်မှုတန်ဖိုးက ငါးပြားစေ့ကနေ စတယ်။ ငါးပြားစေ့က အဝိုင်းတွန့်လေး။ ၁၀ ပြားစေ့က လေးထောင့်ပုံစံ ထောင့်တွေကအလုံး။ ပြီးတော့ တစ်မတ်စေ့က ဆဋ္ဌဂံပုံ၊ ငါးမူးစေ့နဲ့ ကျပ်စေ့က အဝိုင်း။ ကျပ်စေ့ကျတော့ တစ်ကျပ်တန် ငွေစက္ကူလည်း ရှိတာကြောင့် ထင်ရဲ့။ သိပ်အများကြီး မတွေ့ရ။

မနက်ခင်း စောစောထ၊ အဆာပြေစားဖို့ ဈေးကို ပြေးလိုက်ရင် မုန့်စိမ်းပေါင်း သို့မဟုတ် ကောက်ညှင်းပေါင်း ၁၅ ပြားဖိုးဆို ကလေးတစ်ယောက်ရဲ့ အစာအိမ် တိန်တိန်ကိုမြည်လို့။ တစ်မတ်ဖိုး ဆိုရင်တော့ မုန့်စိမ်းပေါင်းနဲ့ ကောက်ညှင်းပေါင်း နှစ်မျိုးစပ် ဝယ်လို့ရ။ အဲဒီတုန်းက ပလတ်စတစ်အိတ်လည်း မရှိသေးသမို့ ထုပ်ထားတာက ဖက်ရွက် သင်းမြမြ။

မနက် ၈ နာရီကျော် ကျောင်းသွားတော့ မုန့်ဖိုး ၁၀ ပြား၊ နေ့ခင်း ထမင်းစားလွှတ်ချိန် ကျောင်းပြန်သွားရင် မုန့်ဖိုး ၁၅ ပြား ။ အဲဒီတုန်းက တစ်နေ့ မုန့်ဖိုး တစ်မတ်ရတယ်ဆိုတာ  ကျနော်တို့တောမှာ တကယ့်ကို အကောင်။ ကျနော့်အဘွားက ငွေကြေးအဆင်ပြေတာကြောင့် အဲဒီလောက် မုန့်ဖိုးရတာ၊ သူငယ်ချင်းအများစုက တစ်နေ့ ၁၀ ပြားရ ကံကောင်း။

ထန်းလျက်ကို ကျို၊ ထန်းလျက်ရည် ပျော့စိစိအချိန်မှာ လက်ညှိုးနဲ့ကော်၊ ဖြတ်ထားတဲ့ သတင်းစာ စာရွက်သေးသေးလေးမှာ ကပ်ပြီး စာရွက်ကို ခေါက်လိုက်။ အဲဒါကို စုပ်ပြားလို့ ခေါ်တယ်။ အဲဒီစုပ်ပြားက ငါးပြားဖိုးဝယ်ရင် ၁၀ ခု။ ကိုယ်လည်းစား၊ သူငယ်ချင်းတွေကိုလည်း နည်းနည်းပါးပါးကျွေး။ စုပ်ပြားက တန်လည်းတန် အရသာကလည်း အချိုကဲတာကြောင့် ကျနော်တို့ မူလတန်းကလေး မွန်ပြည်နယ်က တောသားလေးတွေ အကြိုက်။

မုန့်ကြာစေ့ ဆိုရင်တော့ တစ်ခွက် ၁၀ ပြား။ မုန့်ကြာစေ့အရည်ထဲမှာ ခြစ်ထားတဲ့ အုန်းသီးဖတ်တွေက နိုင်းဂျင်းမို့ ကလေးတွေ စားလိုက်ကြတာမှ ရောင်းမလောက်။ ကန်စွန်းဥပြုတ် ဆိုရင်လည်း တစ်လုံးမှ ငါးပြား။ တခါတရံ ဆော့ချင်ဇောနဲ့ အိတ်ကတ်ထဲ အကြွေစေ့ ထည့်ထားတာမေ့ပြီး ကျောင်းရောက်အောင် အမြန်နှင်။ မုန့်စားဖို့ သတိရလို့ အိတ်ကပ်ထဲ နှိုက်ကြည့်တော့ အကြွေစေ့လေး ဘယ်အချိန် ခုန်ထွက်သွားသလဲ မသိ၊ မုန့်ဝယ်စားစရာ ပိုက်ဆံမရှိတော့ မျက်နှာငယ်လေးနဲ့။

၅ တန်းနှစ် ကျောင်းကြီးလို့ ခေါ်တဲ့ အထက်တန်းကျောင်းကို ပြောင်းတော့ မနက်ကျောင်းသွားချိန် မုန့်ဖိုး တစ်မတ် (၂၅ပြား)၊ နေ့ခင်း ထမင်းစားပြန်ချိန် နောက်ထပ် တစ်မတ်၊ တစ်ရက်ကို ငါးမူး (ပြား ၅၀) ကြီးများတောင်။ ကျောင်းကြီး ဆိုတော့လည်း ကျောင်းကြီးအလျောက် အသုပ်တွေ၊ အကြော်တွေ၊ ဆီးထုပ်တွေ၊ ရေခဲချောင်းတွေနဲ့ မုန့်ဈေးတန်းမှာ အစုံအလင်။

ခုံအကျိုးအပျက်တွေသာရှိပြီး စာမသင်တဲ့ ချောင်ကျကျအခန်းတွေထဲမှာတော့ အကြွေစေ့ကို ခေါင်းနဲ့ ပန်း လှန်တဲ့ လောင်းကစား။ ပိုက်ဆံကြေး သရေကွင်း စုံ မ အုပ်သူ အုပ်ကြ။ ကျောင်းသားတချို့ကတော့ မြေနီပြင်ချောမှာ အကြွေစေ့တွေကို ထောင်ကာ ဂေါ်လီနဲ့ ပစ်၊ ထိတဲ့သူယူ။

ကျနော်က ဂေါ်လီပစ်ရတာနဲ့ ဘောလုံးနဲ့ ဘော်လီဘော ပိုက်ဆံကြေး ကစားရတာ သိပ်ဝါသနာပါတာမို့ ကျောင်းပိတ်ရက်ဆို မနားတမ်း။ ဘိုင်ပြတ်ပြီဟေ့ဆိုရင်တော့ ကြီးတော်အိမ် အောက်ထဲ ခွေးလေးတစ်ကောင်လို တိုးဝင်။ ကြီးတော်အိမ်က လူကများ ဈေးလည်း ရောင်း။ သူတို့အိမ် ဝါးနဲ့လုပ်ထားတဲ့ အခင်းကြားကနေ ငါး ပြား၊ ၁၀ပြား အကြွေစေ့တွေ ကျသွားခဲ့ရင် တကူးတက ပြန်ကောက်လေ့မရှိတာကြောင့် ဘိုင်ပြတ်တဲ့အချိန် ကျနော့်ရဲ့ ဂွင်။ အိမ်အောက်မြေသား ဖုန်မှုန့်တွေကြား ဖော်ထုတ်တူးဆွ။ အိမ်အောက်ကို တစ်လမှ အလွန်ဆုံး ၂ ခါ လောက်သာ ဝင်တာကြောင့် တစ်ခါ ဝင်ရှာရင် မရဘူးဆို အနည်းဆုံး တစ်မတ်။ တစ်မတ် ဆိုတာ ကလေးတစ်ယောက်ရဲ့ တစ်နေ့ခင်းစာ ကောင်းကောင်းဖူလုံတယ် မဟုတ်လား။ အိမ်အောက်က ပြန်ထွက်လာရင် ကျောက်ကောင်းတစ်ပွင့်အောင်တဲ့ ငမွဲသားတစ်ဦးပမာ။

ပိုက်ဆံအရလွယ်တဲ့ နောက် စားကျက်မြေတစ်ခုက ရပ်ထဲရွာထဲ ဇာတ်ပွဲ သို့မဟုတ် ပိတ်ကားထောင် ဗလာရုပ်ရှင် ပြပြီးတဲ့ မနက်စောစော။ အထူးသဖြင့် တောမှာသွင်းတဲ့ ဇာတ်ပွဲဆိုတာ ရပ်ကျော်ရွာကျော် အနီးအနား ရွာတွေပါမကျန် နင်လားငါလား ပွဲလာကြည့်ကြတာကြောင့် ပွဲခင်းထဲ ပိုက်ဆံအကြွေစေ့တွေ ကျကကျနဲ့။

ညပွဲဈေးမှာ ဖောဖောသီသီသုံးနိုင်ဖို့ ကျနော်တို့ကလေးတွေ မနက်စောစောထ၊ ပွဲခင်းထဲသွားကာ ငွေ အကြွေစေ့ လိုက်ရှာကြ။ ကိုယ်လို အကြံတူ အရွယ်တူတွေက မရှိဘူးဆို လေး၊ ငါးယောက်မက အကြွေစေ့တွေ လိုက်ရှာနေကြတာမို့ မျက်စိရှင်ရှင်နဲ့ သုတ်သုတ်ရှာတတ်ပြီး ကံကောင်းခဲ့ရင် ကောက်ရတာ နှစ်ကျပ်မက။ ည ပွဲဈေးမှာ ရောင်းတဲ့ ဖာလူဒါတစ်ခွက် တန်ဖိုးက သုံးမတ်မို့ ညကျရင် ဗိုက်ကားပြီးသာ မှတ်တော့။

ပြီးတော့ ရှင်ပြုတွေ၊ အလှူတွေမှာ ပေါက်ပေါက်နဲ့ အကြွေစေ့ ရောကြဲပြီဟေ့ဆို ပိုက်ဆံရရေးကလွဲ ဘာမှ မမြင်တော့တာကြောင့် ကျနော်တို့ကလေးတွေ တိုးမိတိုက်မိ နဖူးရောင် ဒူးပြဲလည်း ဘာအရေးလဲ။ လက်ထဲမှာ ဆုပ်မိတဲ့ အကြွေစေ့က အလေးချိန်စီးနေပြီဆို သေချာတယ်၊ ငါးမူး မဟုတ်ရင် ကျပ်စေ့။ သူရဲကောင်းတစ်ယောက်လိုတောင် ရင်ဘတ်တွေ ဘာတွေ ကော့မိ။

အဲဒီလို ကလေးဘဝနဲ့ အကြွေစေ့ ပတ်သက်မှုတွေက ဘဝနှစ်ခု ပူးချည်ထားသလို နက်ခဲ့ပေမဲ့ ခေတ်ကြီးက အကြွေစေ့တွေကို အလိုမရှိတော့တာကြောင့် စောစောစီးစီးပဲ ပြတိုက်ထဲ ရောက်သွားခဲ့တယ်။

၁၉၉၀ ကျော်ကာလ၊ ကျနော်တို့ ဆွေမျိုးစုအကြီးအကဲ ဘွားဘွားကြီးဆုံးတော့ သူ့သေတ္တာကို လှန်လှောကြတဲ့အခါ အထုပ်ကြီးနှစ်ထုပ်ကို တွေ့ရတယ်။ တစ်ထုပ်က ၂၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန် ငွေစက္ကူတွေ၊ မရှိဘူးဆို နှစ်ထောင်ကျော်၊ သုံးထောင်။ ၁၉၈၇ ခုနှစ်မှာ အာဏာရှင်နေဝင်းက တရားမဝင်တော့ဘူးလို့ ကြေညာခြင်းခံလိုက်ရတဲ့ ငွေစက္ကူတွေ။ အဲဒီငွေစက္ကူတွေကို အမှတ်တရအနေနဲ့ သိမ်းထားတာလား။ တစ်ချိန်ချိန်မှာ အစိုးရက ပြန်လဲပေးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပဲလား မပြောတတ်။

နောက်တစ်ထုပ်က ရှုံ့ကြိုးပါတဲ့ အဝတ်အိတ် လေးလေးလံလံ။ အဝတ်အိတ်ကို သွန်ချလိုက်တော့ တစ်ထောင်လောက်ရှိတဲ့ အကြွေစေ့တွေ မနည်းမနော။ အခါကြီးရက်ကြီးတွေမှာ ကလေးတွေ လာကန်တော့ရင် အကြွေစေ့ တစ်ယောက်နည်းနည်း မုန့်ဖိုးပေးလေ့ရှိတာမို့ စုထားဆောင်းထားတာများလား မပြောတတ်။ ဒီလောက်များတဲ့ အကြွေစေ့တွေကို တခါမှ မမြင်ခဲ့ဖူးသလို မြန်မာအကြွေစေ့တွေကို မြင်ရတာ  အဲဒီတခါလည်း တကယ့်နောက်ဆုံး။

အဲဒါပြီး နှစ်ပေါင်း အတော်ကြာမှပဲ တချွမ်းချွမ်းမြည်နေတဲ့ ဘတ်စေ့တွေနဲ့ ကမ်းတစ်ဖက်မှာ နဖူးစာ ဆုံတော့တယ်။ များသောအားဖြင့် မဲဆောက်မှာ ပစ္စည်းတစ်ခုခုရဲ့ တန်ဖိုးက အနည်းဆုံး ၅ ဘတ်တန်ကနေ စတင်၊ အကြွေစေ့တစ်ဘတ်က ဒီနေ့ထိတိုင် ဒေါင်ဒေါင်မြည် အသုံးဝင်နေဆဲမို့ အဆီပို အသားပို မရှိ ကျစ်လျစ်လွန်းလှတဲ့ အပျိုဖြန်းတစ်ယောက်ရဲ့ ခန္ဓာကိုယ်လို ထိုင်းငွေကြေး တန်ဖိုးကို အားကျမိတယ်။

ခေတ်ကြီးက ဒီနေ့ထိတိုင် မီးဟုန်းဟုန်းတောက်နေဆဲမို့ အကြွေစေ့ကျပ် တခေတ်ဆီ ဒီဘဝလောက်နဲ့ ပြန်မရောက်တော့ဘူးဆိုတာ သိတယ်။ ဒါပေမဲ့၊ တချိန်ချိန်မှာ တခေတ်တခါက အကြွေစေ့တွေကို ပြန်ထုတ်လုပ် မသုံးစွဲနိုင်ဘူးလို့ရော ဘယ်သူက ကံသေကံမ ဟောကိန်းထုတ်နိုင်ပါ့မလဲလို့ ကျနော် စိတ်ကူးယဉ်မိတယ်။ စိတ်ကူးယဉ်တယ်ဆိုတာ ပိုက်ဆံပေးရတာမှ မဟုတ်ဘဲ။

ဘတ်ကို ငေးကာ ကျပ်ကို တွေးမိတယ်။

လင်းဆက်ငြိမ်းချမ်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024