
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ရုရှားအော်သိုဒေါ့စ်ဘုရားကျောင်းမှ ဘုန်းတော်ကြီး တီးခွန်းရှက်ဗ်ကူနော့ဗ်ကို ယူကရိန်းစစ်ထောက်လှမ်းရေးဌာနရဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့မှုကို တားဆီးခဲ့ကြောင်း ရုရှားဖက်ဒရယ်လုံခြုံရေးဌာန (FSB) က ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြောပါတယ်။
ဒီလုပ်ကြံမှုနဲ့ပတ်သက်လို့ ရုရှားနိုင်ငံသားတယောက်နဲ့ ယူကရိန်းနိုင်ငံသားတယောက်တို့ကို ဖမ်းဆီးခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း FSB ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ယူကရိန်းဟာ သူတို့ ၂ ယောက်ကို တယ်လီဂရမ် မက်ဆင်ဂျာကို အသုံးပြုခေါ်ယူခဲ့တာ ဖြစ်ပြီးတော့ သူတို့ ၂ ယောက်ဟာ မော်စကိုရှိ ရှက်ဗ်ကူနော့ဗ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ၂၀၂၄ နှစ်လယ်ကတည်းက ကြံစည်ခဲ့နေကြောင်းလည်း ဆိုပါတယ်။ အဲဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ ယူကရိန်းဘက်က တုံ့ပြန်ခြင်း မရှိသေးပါဘူး။
အော်သိုဒေါ့စ်ဘုရားကျောင်းမှ ဘုန်းတော်ကြီး ရှက်ဗ်ကူနော့ဗ်ဟာ သမ္မတ ဗလာဒီမာပူတင်နဲ့ ၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းကတည်းက ရင်းနှီးသိကျွမ်းခဲ့တာကို အများပြည်သူသိဖြစ်ကြောင်းနဲ့ ပူတင်ရဲ့ အကြံပေး ပုရောဟိတ်အဖြစ် ရုရှားမီဒီယာတွေမှာ နှစ်ပေါင်းများစွာ ဖော်ပြခံခဲ့ရသူ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီအကြောင်းတွေကို ရှက်ဗ်ကူနော့ဗ်က အတည်မပြုသလို ငြင်းဆိုခြင်းလည်း မပြုခဲ့ပါဘူး။ ၂၀၁၄ ခုနှစ်မှာ ယူကရိန်းဆီကနေ ရုရှား သိမ်းပိုက်လိုက်တဲ့ ခရိုင်းမီးယားကျွန်းဆွယ်ရဲ့ နယ်မြေဘုန်းတော်ကြီးအဖြစ် ၂၀၂၃ ခုနှစ်မှာတော့ ခန့်အပ်ခံခဲ့ရပြီး ကျွန်းဆွယ်ရှိ ရုရှားအော်သိုဒေါ့စ်ဘုရားကျောင်း ထိပ်တန်းပုဂ္ဂိုလ်တွေထဲမှ တယောက်ဖြစ်လာပါတယ်။
Source: Reuters