
ပဲလေ့တိုက်စစ်မှူး မက်တေးတားဟာ အက်ဖ်အေဖလားပဉ္စမဆင့်ပွဲစဉ်မှာ ပြိုင်ဘက်ဂိုးသမားရဲ့ကန်ချက်ကြောင့် နားဒဏ်ရာကို ၂၅ ချက် ချုပ်လိုက်ရပါတယ်။
မီဝေါ်လ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အဲဒီပွဲစဉ်မှာ ပွဲချိန် ၈ မိနစ်မှာပဲ ပြိုင်ဘက်ဂိုးသမား ရောဘတ်စ်ရဲ့ ရှေ့ထွက်ပြီး ခြေထောက်နဲ့ ကန်ချက်ကြောင့် တိုက်စစ်မှူး မက်တေးတားရဲ့ ဦးခေါင်းကို ကန်မိခဲ့ပြီး ဘယ်ဘက်နားနေရာကို ထိခိုက်မှု ပိုများခဲ့တာပါ။
ဒဏ်ရာရရပြီးချင်းမှာပဲ အောက်ဆီဂျင်ပေးခဲ့ရပြီး ဂိုးသမား ရောဘတ်စ်ကိုတော့ ဒိုင်လူကြီးက တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။
မက်တေးတားဟာ ဆေးရုံကို အရေးပေါ်သွားခဲ့ရပြီး ပေါက်ပြဲသွားတဲ့ ဘယ်ဘက်နားရွက်ကို ၂၅ ချက်ချုပ်ပြီး ဆေးကုသမှုခံယူခဲ့ရတာပါ။
ပြိုင်ဘက် ဂိုးသမားရဲကန်ချက်ဟာ မက်တေးတာရဲ့ ကစားသမားဘဝကိုတောင် အဆုံးသတ်သွား နိုင်ကြောင်း ပဲလေ့နည်းပြက ဝေဖန်ခဲ့သလို အလွန်အန္တရာယ်ရှိတဲ့ လုပ်ရပ်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ပဲရစ်ချ်ကလည်း ဝေဖန်သွားပါတယ်။