Home
မြန်မာသတင်း
စစ်တပ်က စက်တပ်လေထီးပိုသုံးလာသဖြင့်  လေကြောင်းအန္တရာယ် သတိပေးမှုတိုးမြှင့်လုပ်နေ
DVB
·
March 1, 2025

စစ်ကောင်စီတပ်က စက်တပ်လေထီး (Paramotor) တွေ အသုံးပြုပြီး လေကြောင်းကနေ တိုက်ခိုက်တာပိုများလာနေတဲ့အတွက် စစ်ဘေးရှောင်အ‌ရေး အကူအညီပေးနေသူတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ် သတိပေးရေးလုပ်ငန်းတွေကို တိုးမြှင့် လုပ်‌ဆောင်နေရပါတယ်။

စစ်ကိုင်းတိုင်းမှာ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) က စက်တပ်လေထီးတွေ အသုံးပြုပြီး အနီးဝန်းကျင်က ချောင်းဦး၊ မုံရွာ၊ ကနီ၊ ဘုတလင်၊ ဆားလင်းကြီးစတဲ့ မြို့နယ်တွေက ကျေးရွာတွေကို ဖေဖော်ဝါရီ ပထမပတ်ကစလို့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတာပါ။ 

မုံရွာဒေသခံတက်ကြွလှုပ်ရှားသူတယောက်ဖြစ်တဲ့ မချောစုဟန်က “လေယာဉ်တွေထက်ပိုပြီး လေကြောင်းတိုက်ခိုက်မှုကို ခပ်စိပ်စိပ်ပြုလုပ်လာတဲ့ သ‌ဘောမှာရှိတာပေါ့နော်။ နမခနဲ့နီးတဲ့ ခရိုင်တွေ၊ မြို့နယ်တွေ၊ ‌ကျေးရွာတွေ တော်တော်များများကတော့ လန့်နေကြရတာပေါ့။ ခဏခဏ လာလာပြီးတော့ အခုတက်သွားလိုက် နောက်ထပ်တစီးကလာလိုက်၊ တစီးနဲ့ တစီး ခပ်ခွာခွာလေးလာပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာပေါ့။ ပြည်သူလူထု လေယာဉ်တင်မကဘူး၊ ပါရာမော်တာက အနီးနားစစ်စခန်းကနေ တက်တက်လာတဲ့အခါကျတော့ စိုးရိမ်ရတာပေါ့။ ကျနောတို့ကတော့ ပြည်သူလူထုကြားကို ပါရာမော်တာအကြောင်းလိုက်ပြီး ဖြန့်ပေးတာရှိတယ်။ လာပြီဆိုရင် ဘယ်လိုမျိုးပုန်းရခိုရမယ်ဆိုတာမျိုး အသိပညာပေးတာတွေ လိုက်လုပ်နေတာရှိပါတယ်” လို့ ပြောပါတယ်။

ချောင်းဦးမြို့နယ်မှာလည်း စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတာကြောင့် ပြည်သူသေဆုံး ထိခိုက်သေဆုံးတာတွေရှိနေပြီး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ လေကြောင်းအန္တရာယ် သတိပေးချက်တွေကို စဉ်ဆက်မပြတ်‌ပေးပို့နေသလို ပြန်လည်တိုက်ခိုက်ဖို့ကြိုးပမ်းနေတယ်လို့ ချောင်းဦးပကဖ ပြန်ကြား‌ရေးတာဝန်ခံက ပြောပါတယ်။

“နမခနဲ့ ထိစပ်နေတဲ့ကျေးရွာတွေကို ပါရာမော်တာနဲ့ အရပ်သားပစ်မှတ်ထားတိုက်ခိုက်တဲ့ ဖြစ်စဉ်တွေ ဆက်တိုက်လုပ်နေပါတယ်။ ဖေဖော်ဝါရီ ၂၅ ချောင်းမရွာဖြစ်စဉ်နဲ့ ဖေဖော်ဝါရီ ၂၃ ဖြစ်စဉ်နဲ့ဆို ပါရာမော်တာသီးသန့်ကို ၂ ကြိမ်ရှိသွားပါပြီ။ တန်ပြန်တိုက်ခိုက်ဖို့ကတော့ တိကျတဲ့ အစီအစဉ်လုပ်ဖို့ကတော့ ကြိုးစားဆဲပါဗျ။ ပြန်လည်တိုက်ခိုက်ဖို့လုပ်နိုင်တာကတော့ သူတို့ လေကြောင်းတိုက်ခိုက်မှု တကြိမ်လာလုပ်တိုင်း သူတို့ရဲ့ စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးချတာတို့၊ လက်နက်ကြီးထုတာတို့ လုပ်နိုင်ရင်တော့အကောင်းဆုံးပေါ့ဗျာ။ အဓိက အခက်အခဲက လက်နက်ခဲယမ်းပေါ့”

ပြည်သူ‌တွေအနေနဲ့ နေအိမ်တိုင်းမှာ ဗုံးခိုကျင်းတွေတူးထားကြဖို့နဲ့ စက်တပ်လေထီးတွေကို တွေ့တဲ့အခါ အချင်းချင်းသတိပေးကြဖို့၊ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဆက်သွယ်ရေး အိုင်ကွန်တွေတဆင့် လေကြောင်းသတိပေးတာတွေကို စဉ်ဆက်မပြတ်နားထောင်ကြဖို့ လိုတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း သူတို့စိုးမိုးနယ်မြေတွေထဲက ကျေးရွာပေါင်း ၂၂ ရွာက စာသင်ကျောင်း ဈေးဆိုင်နဲ့ လူစည်ကားရာနေရာတွေမှာ ပါရာမော်တာကြောင့် ပြည်သူတွေကိုထိခိုက်မှုနည်းပါးအောင် လက်ကမ်းစာစောင်ဖြန့်ဝေတာနဲ့ လေကြောင်းအန္တရာယ် အသိပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြရတယ်လို့ ဆိုပါတယ်။

ပခုက္ကူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်ဖြစ်တဲ့ ရဲဘော်ကိုညီက “ပခုက္ကူရယ်၊ ပေါက်ရယ်၊ ဆိပ်ဖြူရယ်မှာတော့ တွေ့ရှိနေပြီဗျ။ ညအချိန်တိုက်ခိုက်တာတွေရှိတယ်။ ပခုက္ကူခရိုင်ထဲမှာ တိုက်ခိုက်မှုအများဆုံး စက်တပ်လေထီးတွေကတော့ ဆိပ်ဖြူ ကပစ ၂၂ ကနေ ထွက်ပြီးတော့ တိုက်ခိုက်တာတွေများတယ်။ ‌ကျေးရွာတိုင်းမှာ နေ့ကင်းညကင်းတွေထားဖို့ ကျနော်တို့ နှိုးဆော်တယ်။ ပါရာမော်တာကပျံတတ်လာပြီဆိုရင် လေကြောင်းအသိ၊ လေကြောင်းသတိပေးတဲ့ ဆက်သွယ်ရေးကွန်ရက်တခုလည်း တည်ဆောက်ထားတယ်။ အဲ့ဒီ ဆက်သွယ်ရေးက ညွှန်ကြားတဲ့ဟာတွေကို သေချာနားထောင်ပြီးတော့ ဒီကောင်တွေ လာတယ်ဆိုရင် အိမ်တိုင်းမှာ ဗုံးခိုကျင်းတွေတူးထားပြီး ဗုံးခိုကျင်းထဲဝင်ပုန်းဖို့ နှိုးဆော်တာတွေဘာတွေ အဲလိုမျိုး အစီအစဉ်တွေလုပ်နေပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်ဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တည်နေရာတွေကို ကင်းထောက်ဖို့အတွက် လေယာဉ်တွေအစား စက်တပ် လေထီးတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနှောင်းပိုင်းမှာ စတင်အသုံးပြုခဲ့တာပါ။

သီရိ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024