
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ စစ်ကောင်စီတပ်ရဲ့ ညောင်ကျိုးတပ်စခန်းကနေ လေကြောင်းပစ်ကူပေးနေတဲ့ (Paramotor) စက်တပ်လေထီး ၂ စီးကို ရက္ခိုင့်တပ်တော် (AA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့ကြောင်း AAနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်က စစ်ကောင်စီရဲ့ ညောင်ကျိုစခန်းမကျရေး လေကြောင်းကနေ ပစ်ကူပေးပြီး ဗုံးလာကြဲချိန် AA ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပစ်ချနိုင်ခဲ့တာလို့ ဆိုပါတယ်။
AA နဲ့နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်က “စက်တပ်လေထီး မောင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်ချနိုင်ခဲ့တာ ဟုတ်ပါတယ်။ စစ်သား ၂ ဦးမောင်းတဲ့ Paramotor စက်တပ်လေထီး၂ စီးလုံး ပျက်ကျ ပျက်စီးသွားတယ်” လို့ DVB ကို ပြောပါတယ်။
ညောင်ကျိုးစခန်းကို AA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း စခန်းမကျရေး အပြင်းအထန်ပြန်လည်ခုခံနေတဲ့အပြင် လေကြောင်းကနေ စက်လေထီးတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်တာ ဆက်တိုက်လုပ်ဆောင်နေပါတယ်။