
ချက်နဲ့ စလိုဗက် လယ်သမားတွေဟာ ဖေဖော်ဝါရီ ၂၇ က နယ်စပ်ဖြတ်ကျော်ဂိတ်မှာ ဒါဇင်နဲ့ချီတဲ့ လယ်ထွန်စက်တွေကို ရပ်နားထားကာ လုပ်ငန်းဆောင်တာတွေကိုလည်း ကန့်သတ်ထားပြီးတော့ ယူကရိန်းနဲ့ တောင်အမေရိကလို EU မဟုတ်တဲ့ ဈေးကွက်တွေက စျေးသက်သာတဲ့ သွင်းကုန်တွေကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ချက်-စလိုဗက်နယ်စပ်မှာ ဆန္ဒပြမှုတွေထဲ ဟန်ဂေရီနဲ့ သြစတြီးယားတို့မှ လယ်သမားတွေလည်း ပါဝင်ကြပြီး “ယူကရိန်းမှ စပါးတွေကို ရပ်ထား'၊ EU ရဲ့ ရာသီဥတုဆိုင်ရာ မဟာဗျူဟာကို ရည်ညွှန်းတဲ့ 'အစိမ်းရောင် သဘောတူညီချက် အဆုံးသတ်” ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ ဆန္ဒပြခဲ့ ကြတာပါ။
ဥရောပတဝန်း ပြီးခဲ့တဲ့နှစ်ကလည်း ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး လယ်သမားတွေက သူတို့ဟာ စံနှုန်းတွေနဲ့ ဗျူရိုကရေစီအပေါ် မမျှတတဲ့ အားနည်းချက်တွေ ကြုံတွေ့နေရတာကြောင့် ဥရောပသမဂ္ဂရဲ့ မူဝါဒတွေကို ပြောင်းလဲဖို့ တောင်းဆိုခဲ့ကြောင်း ပြောကြပါတယ်။
ဒီဇင်ဘာလတုန်းက အီးယူနဲ့ တောင်အမေရိကရဲ့ မားကိုးဆို အစုအဖွဲ့တို့ကြား သဘောတူညီချက်နဲ့ အခွန်ကင်းလွတ်ခွင့်ရထားတဲ့ ယူကရိန်းမှ သွင်းကုန်တွေကို အဓိကထား ဆန္ဒပြခဲ့ကြတာပါ။
ပိုလန်နယ်စပ်ဂိတ် အပါအဝင် တခြားနယ်စပ်ဒေသတွေမှာလည်း ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ကြောင်း CTK သတင်းဌာနက ဖော်ပြပါတယ်။
လယ်သမားအသင်းအဖွဲ့တွေဟာ မားကိုးဆို သဘောတူညီချက်ကို တားမြစ်ပိတ်ပင်ပြီး အီးယူစိုက်ပျိုးရေးကို အကာအကွယ်ပေးတဲ့ ယူကရိန်းနဲ့ သဘောတူညီချက်သစ်ကို ရယူနိုင်ဖို့အပြင် အီးယူရဲ့ ဗျူရိုကရေစီပိုင်းကို လျော့နည်းအောင်လုပ်ပေးဖို့တွေကို တောင်းဆိုထားပါတယ်။
Source; Reuters