Home
မြန်မာသတင်း
ကလေးမြို့ ပင်မသပိတ်အဖွဲ့က စစ်အာဏာရှင်ကို ၄ နှစ်ကျော်ကြာ ဆက်လက်ဆန့်ကျင်ဆန္ဒပြနေ
DVB
·
February 18, 2025

ကလေးမြို့ပြသပိတ်အဖွဲ့ဝင်တွေဟာ နေအိမ်တွေ ဖြိုဖျက်ခံထားရတဲ့ ကြားကပဲ  စစ်အာဏာရှင်ကို ၄ နှစ်ကျော်ကြာတဲ့အထိ ဆန္ဒပြသပိတ်တွေကို ရရာနေရာကနေ ဆက်လက် လုပ်ဆောင်နေကြပါတယ်။

သူတို့တွေဟာ စစ်ကောင်စီရဲ့ ဖမ်းဝရမ်း‌ကြောင့် လက်ရှိမှာ တော်လှန်ရေးနယ်မြေတွေမှာ နေထိုင်နေကြပြီး ‌ကျေးရွာတွေမှာ စစ်အာဏာရှင်ကို ဆက်လက်ဆန္ဒပြနေတာရှိသလို မြို့တွင်း အခြေအနေကို ကြည့်ပြီး မြို့ပြသပိတ်တွေကိုလည်း ဖော်ဆောင်နေကြတာ ရှိပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြတာဟာ လက်ရှိအချိန်ထိ လိုအပ်နေသေးတာကြောင့် မြို့ပြပြောက်ကျားသပိတ်တွေနဲ့ ရပ်ရွာတွေမှာ ဆန္ဒပြသပိတ်တွေ ဆက်လက် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ သပိတ်အဖွဲ့ဝင် အမျိုးသမီး မပွား‌လေးက ပြောပါတယ်။

“အစ်မအနေနဲ့ ခံယူထားတာက အမက ဘယ်လိုလဲ။ ကိုယ်မှန်တယ်ထင်လို့ ဒီလမ်းကို လျှောက်ခဲ့ပေမဲ့ လူတယောက်ကို ကိုယ့်ရှေ့တင် ကိုယ်ကိုယ်တိုင်သတ်ဖို့ကတော့ ဘယ်လိုမှ အားမရှိဘူး။ မလုပ်ရဲဘူး ပြောရမှာပေါ့နော့။ သတ္တိမရှိဘူး။ လူတယောက်ကို အပ်နဲ့တောင် မရွယ်ချင်ဘူး။ အဲဒီတော့ လက်နက်ကိုင်ထဲကို အစ်မက မဝင်ဘူး။ အဲဒါဆိုတော့ အစ်မက အစ်မလုပ်နိုင်တာက လက်သုံးချောင်းထောင်ပြီး သူတို့ကို ဆန္ဒပြမယ်၊ သပိတ်မှောက်မယ်။ ဆန္ဒပြတယ်၊ သပိတ်မှောက်တယ် ဆိုတာကလည်း ဆက်လက်ပြီး လိုသေးတယ်။ လိုအပ်သေးတယ်။ ဒီ သူတို့တော်လှန်နေတဲ့ နွေဦးတော်လှန်ရေးမှာ ဒီသပိတ်ဟာ လိုနေသေးတယ်။ အဲဒီစိတ်နဲ့ အမက ဒီသပိတ်ထဲမှာ ဆက်ပြီးတော့ သူတို့ ရှုံးတဲ့အထိ တော်လှန်ရေးသမားအနေနဲ့ အစ်မက နောက်ကနေပြီးတော့ အမြဲတမ်းရှိနေမှာပါ။”

အတူတူလက်တွဲလုပ်ကိုင်ခဲ့တဲ့ ဆန္ဒပြသပိတ်အဖွဲ့ဝင်တွေ ဖမ်းဆီးခံရပြီးတဲ့နောက်မှာ နေရာအရွှေ့အပြောင်းတွေနဲ့ အလုပ်အကိုင်တွေ မရှိတာကြောင့် စားဝတ်နေရေး အခက်အခဲတွေလည်း ရှိ‌နေတယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်ပြီး ပြည်သူကို အနိုင်ကျင့် ဗိုလ်ကျ‌နေတဲ့ စစ်အာဏာရှင်မျိုးဆက်ဟာ ၂၁ ကျောင်းသားလက်ထက်မှာ နောက်ဆုံးဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆန္ဒပြသပိတ်တွေကို ၄ နှစ်ကျော် ကြာတဲ့အထိ ဆက်လက်ဖော်ဆောင်နေတာလို့ ကလေးမြို့ လူထုဦးဆောင်ကော်မတီမှ ကိုဗိုက်ပူက ပြောပါတယ်။

စစ်ကောင်စီက မြို့တွင်းမှာ ဂိတ်တွေချပြီး စောင့်ကြည့်တာ၊ လမ်းမပေါ်မှာ ပတ်ကင်းတွေနဲ့ ရှောင်တခင် စစ်ဆေးတာတွေ ရှိတာကြောင့် မြို့ပြသပိတ်တွေကို ခပ်စိတ်စိတ် မဖော်ဆောင်နိုင်ပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားဖော်ဆောင်နေတယ်လို့လည်း သူကဆိုပါတယ်။

မြို့ပြပြောက်ကျားသပိတ်တွေ ဆက်လက်ဖော်ဆောင်နိုင်မှသာ မြို့တွင်းမှာ စစ်ကောင်စီက သူတို့ကို တော်လှန်ပုန်ကန်တဲ့သူ မရှိဘူး၊ အုပ်ချုပ်ရေး ကောင်းစွာလည်ပတ်နိုင်ပြီဆိုတဲ့ ဝါဒကို မဖြန့်ဖြူးနိုင်မှာလို့ ဆိုပါတယ်။

ကလေးမြို့ ပင်မသပိတ်အဖွဲ့ဝင်တွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန် ဆန္ဒပြရင်း ၂၀၂၃ ခုနှစ် ဧပြီ ၁၆ ရက်မှာ အတာသင်္ကြန်သပိတ် ဖြိုခွင်းခံရပြီး အဖွဲ့ဝင် ၄ ယောက်ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရကာ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံထားရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013