
မကွေးတိုင်း၊ မြိုင်မြို့နယ်က PDF တပ်ဖွဲ့ဝင်ရဲ့ မင်္ဂလာဆောင်ဗုံးကြဲတိုက်ခိုက်ခံရတာမှာ သေဆုံးထိခိုက်ဒဏ်ရာရသူတွေကို ပေါက်မြို့နယ်၊ လူသားချင်းစာနာထောက်ထားရေးအဖွဲ့က ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းမှာ သွားရောက်ထောက်ပံ့ခဲ့ပါတယ်။
ပေါက်မြို့နယ်မြောက်ပိုင်း လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ တာဝန်ရှိသူ ကိုထွေးညိုက “ကျနော်တို့ရဲ့ ထောက်ပံ့ငွေကြေးဟာ နည်းတယ်၊ များတယ် ဆိုတာထက် ကိုယ့်နိုင်ငံသားအချင်းချင်း ကိုယ်ချင်းစာတရားနဲ့ သွားရောက်ကူညီထောက်ပံ့မှု ပေးခဲ့တာပါဗျ။ သေဆုံးသူတဦးကို ၁ သိန်းနှုန်းနဲ့ ၁၁ ယောက်၊ ဒဏ်ရာရရှိသူ ၁၇ ဦးအတွက် တဦး ၅ သောင်းနှုန်းစီ အသီးသီး ထောက်ပံ့ပေးခဲ့တာပါ။ ကျန်တဲ့ ပြည်တွင်း၊ ပြည်ပက အမျိုးတို့ကလည်း ထောက်ပံ့မှုတွေ ပြုလုပ်ပေးကြပါဦးလို့လည်း မေတ္တာရပ်ခံပါတယ်” လို့ DVB ကို ပြောပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ မင်္ဂလာဆောင်လုပ်နေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၁၀ ယောက်နဲ့ အမျိုးသမီးတယောက် သေဆုံးခဲ့ပြီး ၁၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖ တာဝန်ရှိသူဆီကနေ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူများဟာ သာမန်လက်လုပ်လက်စားတွေဖြစ်ကြပြီး မိသားစု စားဝတ်နေရေးနဲ့ ဆေးဝါးကုသမှုစရိတ်တွေလည်း လိုအပ်တယ်လို့ သိရပါတယ်။
သေဆုံးသူနဲ့ ဆွေမျိုးတော်စပ်သူတယောက်က “အခုလို လာရောက်ကူညီတဲ့ ဒီညီလေးတွေအဖွဲ့ကို ကျေးဇူးလည်းတင်ပါတယ်ဗျာ။ ကျနော်ဆိုရင် မိသားစုဝင် ၆ ယောက်ကို လုပ်ကိုင်ရှာဖွေ ကျွေးနေရတယ်။ အခုလိုဖြစ်သွားတော့ မိသားစုစားဝတ်နေရေး အတော်အကျပ်အတည်း ရိုက်သွားရတယ်။ အခုလိုဖြစ်သွားရတဲ့အပေါ် ဘာပြောချင်လဲ ဆိုတော့ဗျာ ကျနော်တို့ ရွာဓလေ့ ရပ်ဓလေ့ကတော့ အလှူတခုဖြစ်ဖြစ်၊ မင်္ဂလာဆောင်တခုခုဖြစ်ဖြစ် အကုန်းသိုင်းဝန်းပြီး အလှူအိမ်၊ မင်္ဂလာဆောင်အိမ်ကို ကူညီကြတယ်။ သာရေး၊ နာရေး ဘယ်ပွဲမဆို ကူညီလုပ်ကိုင်ပေးကြတာ ဓလေ့တခုပဲ။ စစ်တပ်ကပွဲလုပ်လည်း ကူညီကြရတာပဲ၊ PDF က ပွဲလုပ်လည်း ကူညီကြရတာပဲ။ ပြောချင်တာက စစ်တပ်က ဝါးလုံးရှည်နဲ့ ပတ်ရမ်းသလို ဖြစ်နေတာပါ။ သူတို့ဖမ်းချင်တဲ့သူဆိုရင်၊ ပစ်ချင်တဲ့သူဆိုရင် ပတ်ဝန်းကျင်က အရပ်သားတွေ ထိခိုက်မှုမရှိဘဲ ပစ်နိုင်ရင်ပစ်ပေါ့။ အခုဟာက ကျနော်တို့အရပ်သားတွေပဲသေကြရတာ။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ကိုတော့ လုံးဝ မကျေနပ်နိုင်ဘူး။ ခွင့်လည်း ခွင့်မလွှတ်နိုင်ဘူး” လို့ DVB ကို ပြောပါတယ်။
မြိုင်မြို့နယ် အနောက်တောင်ပိုင်း ကျောက်ခွက်ရေနံမြေနားက ဆုံကုန်းရွာ ဘုန်းတော်ကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ကြဲလို့ အရပ်သားတွေ သေဆုံးခဲ့ကြရတာကြောင့် ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်အထိ နေရပ်ပြန်လည်ဝင်ရောက်မနေထိုင်ရဲကြသေးတဲ့ ပြည်သူတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။