
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီ ရေတပ်စခန်းဌာနချုပ်အနီးအနား ကျေးရွာတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၇ ရက် မွန်းတည့် ၁၂ နာရီလောက်က ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲချနေတယ်လို့ ဒေသခံသတင်းရင်းမြစ်ဆီက သိရပါတယ်။
ဒေသခံသတင်းရင်းမြစ်က “ဒီနေ့ နေ့လယ်လောက်က ရေတပ်အနီးကျေးရွာတွေကို စကစက ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲနေပါတယ်။ နေ့တိုင်းနီးပါးပဲ တိုက်ပွဲတွေပြင်းထန်နေတာပါ။ ထိခိုက်သေဆုံးမှုတွေတော့ ရှိနေပါတယ်။ ဒါမဲ့ အသေးစိတ်အရေအအတွက်တော့ မသိရသေးပါဘူး။ အနီးအနားရွာတွေကတော့ စစ်ရှောင်နေကြပါပြီ။ ဒါပေမဲ့ သစ်ပုတ်တောင်ကျေးရွာက ရေတပ်ဌာနချုပ်ခြံဝင်းထဲရှိတော့ ထွက်မရဘူးပေါ့။ ရေကြောင်းက ထွက်ပြေးတဲ့သူတွေကိုလည်း လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ဖမ်းဆီးမှုတွေရှိတော့ ရွာသားတွေက ရေတပ်ဌာနချုပ်ထဲ ပိတ်မိနေတယ်ပေါ့” လို့ ပြောပါတယ်။
ဓညဝတီရေတပ်ဌာနချုပ်အနီး သစ်ပုတ်တောင်ကျေးရွာ အပါအဝင် စစ်တောကျေးရွာတွေက ဒေသခံတွေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၄ ရက်က စတင်ကာ စစ်ဘေးရှောင်ခွင့် ပိတ်လိုက်တာဖြစ်ပြီး ထွက်ပြေးတဲ့သူတွေကိုလည်း ဖမ်းဆီးတာ၊ ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဓညဝတီ ရေတပ်ဌာနချုပ်အနီး တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် သစ်ပုတ်တောင် ကျေးရွာသားတွေဟာ အသက်အန္တရာယ်စိုးရိမ်နေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ နောက်ထပ်ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်ကစပြီး လက်ရှိအချိန်ထိ စစ်ကောင်စီရေတပ်ဌာနချုပ်အနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီး၊ ရေကြောင်းပစ်ကူနေတဲ့အပြင် လေကြောင်းကနေ ဗုံးကြဲချတာတွေလည်း ဆက်တိုက်ရှိနေပါတယ်။
ကေခိုင်