
တပ်မြို့လို့ လူသိများတဲ့ မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ဖေဖော်ဝါရီ ၂၇ ရက်က စစ်မှုထမ်းစာရင်းသွားပို့တဲ့ ဌာနခွဲအကြီးတန်းစာရေးတယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ မနက် ၁၀ နာရီခွဲက နေအိမ်ကနေ မြို့နယ်ထွေအုပ်ရုံးကို စစ်မှုထမ်းစာရင်းတွေသွားပို့တဲ့ ဌာနခွဲအကြီးတန်းစာရေး ဦးမြင့်ဇော်ကို မိတ္ထီလာ-မြင်းခြံကားလမ်းမပေါ်မှာ အမည်မသိ သေနတ်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။
“မိတ္ထီလာက တပ်မြို့သာပြောတာ၊ တပ်နားမှာ ပစ်သတ်ခံရရင်တောင် တပ်ထဲက စစ်သားတွေက ထွက်ကြည့်တာမဟုတ်ဘူး၊ အတော်ကြောက်တာ။ ပြီးခဲ့တဲ့ ၃ ရက်ကလည်း ဝန်ဇင်းရပ်ကွက်က ရာအိမ်မှူး ပစ်သတ်ခံရတယ်၊ အခုလည်း နောက်တယောက်။ ပစ်ခတ်မှုဖြစ်တိုင်း လုံခြုံရေးက အပြည့်ချတယ် တပ်ရင်းတွေအတွက်။”
စစ်မှုထမ်းအပတ်စဥ် ၁၁ မှာ ပါတဲ့ လူငယ်စာရင်းကို မိတ္ထီလာမြို့နယ်ဥက္ကဋ္ဌ ဦးအောင်ဇော်လေးက ဌာနခွဲအကြီးတန်းစာရေး ဦးမြင့်အေးကို လာပို့ခိုင်းရာမှ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် မြို့နယ်ဘက်ကလည်း ထုချေလွှာတင်နေရတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“ကိုမြင့်အေးက ရေစကြိုမှာနေတာ၊ မြို့နယ်စီမံဥက္ကဋ္ဌက စာရင်းလာပို့ခိုင်းတဲ့အချိန် လမ်းမှာပစ်ခတ်ခံရတာဆိုတော့ ဝန်ထမ်းတွေက စီမံဥက္ကဋ္ဌ ကို သတင်းပေးလို့ ထင်နေကြတယ်။ ပြည်ထဲရေးကိုလည်း ထုချေလွှာတင်ရတယ်။ ဒီမြို့က တပ်မြို့ဆိုပေမဲ့ သန်းခေါင်စာရင်းသွားကောက်တာတောင် ရိုက်လွှတ်တဲ့လူတွေ။”
မိတ္ထီလာမြို့နယ် ဝန်ဇင်းရပ်ကွက်မှာ ဖေဖော်ဝါရီ ၂၃ ရက် မနက်ကလည်း စစ်မှုထမ်းကိစွနဲ့ ငွေကြေးတောင်းရာမှာ နာမည်ကြီးနေတဲ့ ရာအိမ်မှူး ဦးဇော်မင်းဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၈ ရက်ကလည်း မိတ္ထီလာမြို့နယ်၊ သံဘိုကျေးရွာအုပ်စု၊ နဘဲကုန်းကျေးရွာမှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ကို ရိုက်နှက်ပြီး ဖုန်းနဲ့ Tablet တွေ ယူသွားတဲ့ဖြစ်စဥ်လည်း ရှိပါတယ်။