
မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ ဖေဖော်ဝါရီ ၂၂ ရက် မနေ့မနက် ၈ နာရီဝန်းကျင်က စားသောက်ဆိုင် ထိုင်နေတဲ့ ရဲတပ်ဖွဲ့ဝင် ဒုတပ်ကြပ် ၁ ယောက် ပစ်သတ်ခံလိုက်ရတယ်လို့ အောင်လံမြို့ခံတွေဆီကနေ သိရပါတယ်။
အသက် ၄၀ ကျော်အရွယ် အောင်လံမြို့ခံအမျိုးသားတယောက်က “အောင်လံမြို့နယ်ထဲက သမ္ဘူလရွာ၊ သမ္ဘူလတိုက်နယ်ရဲစခန်းက ဒုတပ်ကြပ်က အရက်ဆိုင်ထိုင်နေတာကို PDF တွေ ဝင်ပစ်သွားတာတဲ့ဗျ” လို့ ပြောပါတယ်။
ပစ်ခတ်ခံရသူဟာ အောင်လံမြို့နယ်၊ သမ္ဘူလတိုက်နယ်ရဲစခန်းက နယ်ထိန်းဖြစ်သူ ဒုတပ်ကြပ်မျိုးကြီး ဖြစ်တယ်လို့ ဆိုပါတယ်။
အောင်လံမြို့နယ်မြေပြင်စစ်ရေးသတင်းအဖွဲ့ရဲ့တာဝန်ခံတယောက်က “သူက စစ်တပ်နဲ့ပေါင်းပြီး သမ္ဘူလရွာဘက်က လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေ လုပ်နေတာရယ်နဲ့ လောင်းကစားဒိုင်တွေဆီကနေ လိုင်းကြေးအများအပြားတောင်းတာတွေနဲ့ နာမည်ကြီးနေတဲ့သူ ဖြစ်တယ်ဗျ။ ပြည်သူတွေရဲ့ တိုင်စာတွေကလည်း သက်ဆိုင်ရာ PDF အဖွဲ့တွေဆီကို ရောက်ထားတာတွေ ရှိတယ်။ ဘယ်အဖွဲ့က လုပ်တာလဲဆိုတာကတော့ မစ်ရှင်လုပ်တဲ့အဖွဲ့က သတင်းထုတ်ပြန်ပေးပါလိမ့်မယ်။ လမ်းကြောင်းတွေ သတင်းပေါက်ကြားထားတယ်လို့သိရလို့ ပြည်သူတွေဘက်ကလည်း PDF တွေရဲ့ လှုပ်ရှားသွားလာတာတွေ တွေ့မြင်ရင်လည်း သတင်းမပေါက်ကြားစေဖို့ မြင်ရင်မြင်တယ်မှတ်ပြီး နှုတ်စောင့်စည်းကြဖို့ အထူးလိုအပ်လှပါတယ်ဗျ” လို့ DVB ကို ပြောပါတယ်။
ပစ်ခတ်ခံရတဲ့ နယ်ထိန်း ဒုတပ်ကြပ်မျိုးကြီးဟာ အဲဒီနေ့မနက်ပိုင်းမှာ သမ္ဘူလကျေးရွာထိပ် လမ်းဆုံက ဦးလောကြီး စားသောက်ဆိုင်ထဲမှာ ထိုင်နေချိန် PDF ရဲဘော်တွေရဲ့ ဝင်ရောက်ပစ်ခတ်မှုကြောင့် ကျည် ၆ ချက်ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပစ်ခတ်မှုကို ဘယ်အဖွဲ့က ပြုလုပ်ခဲ့တယ်ဆိုတာတော့ သတင်းထုတ်ပြန်လာတာ မတွေ့ရသေးသလို ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ အောင်လံမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို DVB က ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုသူ မရှိပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလည်း အောင်လံမြို့မှာ တပ်သားသစ် ခေါ်ယူဖို့သွားတဲ့ ရဲတပ်ကြပ် ၁ ယောက် အပါအဝင် စစ်ကောင်စီလက်အောက်ခံ ၂ ယောက်တို့ဟာ ဓားနဲ့ခုတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။
Photo: အောင်လံမြို့နယ် မြေပြင်စစ်ရေးသတင်းအဖွဲ့