
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဖေဖော်ဝါရီ ၂၇ ရက် ည ၈ နာရီကျော်လောက်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon People Army ဆီက သိရပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် မြောက်ဒဂုံမြို့နယ်နဲ့ မြို့နယ်ထွေအုပ်ရုံး အနီးနားတဝိုက် စစ်ကောင်စီတပ်ဖွဲ့တွေ လုံခြုံရေးတင်းကျပ်ပြီး ခရီးသွားယာဉ်တွေကိုပါ ညတွင်းချင်း ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
Yangon People Army မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံ ဂျိုးက “ကျနော်တို့ ပြင်းအားမြင့် အဝေးထိန်းစနစ်နဲ့ မိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းကတော့ အတော်လေးပြင်းပြီး ပေါက်ကွဲအားကောင်းတယ်။ ထိခိုက်မှုတော့ရှိမယ်။ လုံခြုံရေးအရ မသိရသေးပေမဲ့ စုံစမ်းနေဆဲ” လို့ ပြောပါတယ်။
ပြည်သူတွေအနေနဲ့ မျက်စိဖွင့် နားစွင့်ထားပြီး စစ်ကောင်စီနဲ့ အဝေးမှာ တတ်နိုင်သမျှ နေပေးဖို့နဲ့ ဆက်လက်ပြီး စစ်ရေးအရှိန်အဟုန်မြှင့်ပြီး လုပ်ဆောင်မှာဖြစ်တဲ့အတွက် မိဘပြည်သူတွေအနေနဲ့ ဝန်းရံကူညီ ထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံချင်တယ်လို့ ဆိုပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်းအထိ မြောက်ဒဂုံမြို့နယ်နဲ့ မြို့နယ်ထွေအုပ်ရုံး အနီးနားတဝိုက် စစ်ကောင်စီတပ်ဖွဲ့တွေက ဖြတ်သန်းသွားလာသူတွေနဲ့ မော်တော်ယာဉ်တွေကို စစ်ဆေးရှာဖွေတာတွေ လုပ်နေတယ်လို့ မြောက်ဒဂုံ ဒေသခံတွေထံက သိရပါတယ်။