
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံအုပ်ချုပ်ရေးမှူးရုံးကို ဒီဇင်ဘာ ၃၁ ရက်နေ့ ညပိုင်းက လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။
ကရင်နှစ်သစ်ကူးအပြီးမှာ အုပ်ချုပ်ရေးမှုးရုံးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ မူးယစ်သောက်စား ပျော်ပါးနေတဲ့အချိန် ရန်ကုန်မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြောက်ဥက္ကလာပ မြို့ပြပြောက်ကျား တပ်ခွဲ ၂ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက “ပြည်သူတွေကို မတရားဖမ်းဆီး ငွေကြေးတောင်းယူပြီး မူးယစ်ပျော်ပါးနေကြတာဖြစ်လို့ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုအခြေအနေကို စုံစမ်းနေတယ်”လို့ DVB ကို ပြောပါတယ်။
၂၀၂၅ နှစ်သစ်မှာလည်း တော်လှန်ရေးမပြီးမချင်း စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေကို ဆက်လက် တိုက်ခိုက်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့၊ ရဲ၊ ထွေအုပ်တွေရှိတဲ့ နေရာကနေ ရှောင်ရှားပေးစေလိုတယ်လို့ တာဝန်ရှိသူက ဆိုပါတယ်။
ဒ့ါအပြင် ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၂ နာရီလောက်က ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရွာမရပ်ကွက်မှာရှိတဲ့ စစ်တပ်ပိုင် အမှတ် (၃) သံမဏိစက်ရုံအတွင်းမှာ မူးယစ်သောက်စား ပျော်ပါးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို မိုင်းမှာ လက်ပစ်ဗုံးကပ်ပြီး မိုင်း ၃ လုံး ဖောက်ခွဲ တိုက်ခိုက်ခဲ့သေးတယ်လို့ YA မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ ဆီက သိရပါတယ်။