Home
ဆောင်းပါး
မာရ်နတ်နှင့် စစ်တုရင်ကစားခြင်း
DVB
·
February 28, 2025

ပြင်သစ်စစ်ဘုရင် နပိုလီယံဘိုနာပတ်ကို ကမ္ဘာ့အတော်ဆုံးသော စစ်ဗိုလ်ချုပ်တွေထဲက တဦးအဖြစ် သမိုင်းပညာရှင်တွေက ယူဆထားကြပါတယ်။ နပိုလီယံဟာ ၂၅ နှစ်တာ ဖြတ်သန်းခဲ့ရတဲ့ သူ့ရဲ့ စစ်သည်ဘဝမှာ တိုက်ပွဲကြီးငယ် ရာပေါင်းများစွာ တိုက်ခဲ့ရပါတယ်။ အဲဒီထဲမှာ ၃ ပွဲပဲ ရှုံးနိမ့်ခဲ့ဖူးပါတယ်။ စစ်မြေပြင်မှာ သူရှိနေခြင်းက ပြင်သစ်စစ်တပ်အတွက် စစ်သည်  ၄၀,၀၀၀ ရှိနေတာထက် ပိုပြီးအားတက်စေတယ်လို့ အဆိုရှိပါတယ်။ အဲသလိုဖြစ်ရလောက်အောင် သူ့ရဲ့ ရုပ်ဆင်းအင်္ဂါက လေးစားကြည်ညိုလောက်ဖွယ် ခန့်ညားထည်ဝါတာလည်းမဟုတ်၊ သူ့ရဲ့ အသံသြဇာက မလိုက်နာဘဲ မနေနိုင်လောက်ဖွယ် ညှို့အားပြင်းတာလည်း မဟုတ်ပါဘူး။ သူဦးဆောင်ရင် ဒီတိုက်ပွဲနိုင်မယ်ဆိုတဲ့ ယုံကြည်ချက် သူ့တပ်ဖွဲ့ဝင်တွေရင်ထဲ ခိုင်မာစွဲမြဲနေအောင် သူ့ရဲ့ စစ်သေနင်္ဂဗျူဟာ၊ နည်းဗျူဟာတွေက အောင်ပွဲတွေ ယူဆောင်လာစမြဲမို့ ဖြစ်ပါတယ်။

နပိုလီယံဟာ လက်ရှိတိုက်နေတဲ့ တိုက်ပွဲအကြောင်း၊ အဲဒီတိုက်ပွဲက မကြာမီထွက်ပေါ်လာမယ့် ဖြစ်နိုင်ခြေတွေအကြောင်း အချိန်ယူပြီး စဥ်းစားဆင်ခြင် သုံးသပ်လေ့ရှိသူအဖြစ်လည်း ထင်ရှားကျော်ကြားပါတယ်။ သူက သူ့ရဲ့စစ်ဗျူဟာတွေကို ဝေဝါးတဲ့ ရော်ရမ်းမှန်းဆချက်တွေ အပေါ်မှာ အခြေမပြုဘဲ ဖြစ်ပွားလာနိုင်တဲ့ အဆိုးဆုံးသော ဖြစ်နိုင်ခြေတွေနဲ့ ကပြောင်းကပြန် ဖြစ်မှုတွေကို အကောင်းဆုံး ရင်ဆိုင်ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ဆိုတဲ့ စိတ်ဓာတ်ပေါ်မှာ အခြေပြုပြီး ရေးဆွဲသူ ဖြစ်ပါတယ်။ တိုက်ပွဲတပွဲဖြစ်ပွားနေချိန် အရာရာ ဝရုန်းသုန်းကားဖြစ်နေချိန်မှာ ဆက်သားတွေနဲ့ အရာရှိတွေဟာ သတင်းတွေနဲ့အတူ သူ့ဆီကို အဆက်မပြတ် ရောက်ရှိနေကြပြီး သူ့အမိန့်ကို နာခံဖို့ စောင့်ဆိုင်းနေကြပါတယ်။ သူ့ရဲ့တုံ့ပြန်မှုတွေက ရှင်းလင်းတိကျပြီး တုံ့ဆိုင်းမှု လုံးဝမရှိပါဘူး။ သူ့လက်အောက်ငယ်သားတွေဆီက ဘယ်လိုသတင်းမျိုးပဲ ကြားရသည်ဖြစ်ပါစေ၊ သူ့နှုတ်ဖျားမှာ အမိန့်တခုနဲ့ အဖြေတခုက အဆင်သင့်ရှိပါတယ်။ အဲဒါတွေအားလုံးရဲ့ အကြောင်းရင်းလည်းဖြစ်၊ သူ့ကို ဥရောပရဲ့ စစ်ပါရဂူတဦးအဖြစ်သို့ ရောက်ရှိသွားအောင် ပို့ဆောင်ခဲ့တဲ့ အရာလည်းဖြစ်တဲ့ သူ့ရဲ့အရည်အချင်းကတော့ သူက အရာကိစ္စတိုင်းကို ဖြစ်မလာမီမှာ ကြိုတင်တွေးတော ဆင်ခြင်ထားပြီးသား ဖြစ်နေခြင်းပဲ ဖြစ်ပါတယ်။

လက်ရှိ ကျနော်တို့နိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကတဖက်၊ အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း စစ်အာဏာရှင်စနစ်ကို အပြီးတိုင် မြေမြှုပ်သင်္ဂြိုဟ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်ဖို့ မျှော်မှန်းထားတဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေက တဖက် တိုက်ခိုက်နေကြပါတယ်။ ဒီတိုက်ပွဲအနိုင်ရဖို့ နွေဦးခေါင်းဆောင်တွေအနေနဲ့ ကိုယ့်အကြောင်း၊ ရန်သူ့အကြောင်း သိအောင် သေသေချာချာ စူးစမ်းလေ့လာကြဖို့ လိုအပ်ပါတယ်။ ဒီအလုပ်ကို လုပ်နေကြတယ်လို့လည်း အခိုင်အမာ ယုံကြည်ပါတယ်။ ဒီနှစ်ချက်ကို ပိုပြီးသိလေလေ၊ အောင်ပွဲရဖို့ ပိုပြီး သေချာလေလေ၊ ဖြစ်နိုင်သမျှ အချိန်အတိုဆုံးမှာ အောင်ပွဲရဖို့ ပိုပြီး အာမခံချက် ရှိလေလေပါပဲ။ နွေဦးဘက်တော်သားတယောက်ဖြစ်တဲ့ ကျနော့်အနေနဲ့ ဒီနှစ်ချက်ထဲက တချက်ဖြစ်တဲ့ ရန်သူ့အကြောင်း၊ နွေဦးခေါင်းဆောင်တွေအတွက် ကူပြီး စဥ်းစားပေးထားတာလေးတွေ ရှိပါတယ်။ လိုရင်သုံး၊ မလိုရင် ပယ်ဖို့ပါပဲ။

တကယ်တော့ မအလ က ချောင်မလားဆိုတဲ့ အတွေးနဲ့ အာဏာသိမ်းခဲ့တာပါ။ သူ အာဏာသိမ်းလိုက်ရင် ပြည်သူတွေက ဆန္ဒပြမယ်၊ တာဝန်သိတဲ့ နိုင်ငံတကာအသိုက်အဝန်းက ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ လုပ်မယ်ဆိုတာ မျှော်လင့်ထားပြီးသားပါ။ အာဏာသိမ်းပြီးစမှာ စိုးဝင်းပြောတဲ့ စကားကိုကြည့်ပါ။ နောက်တော့လည်း သူတို့လည်း ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့လို နိုင်ငံကို ဆယ်စုနှစ်တွေနဲ့ချီပြီး အေးအေးဆေးဆေး အုပ်ချုပ်သွားနိုင်မှာပဲလို့ တွေးထားခဲ့တာပါ။ အဲသလို တွေးထားတဲ့ မအလ ပထမဆုံး ရှော့ခ်ရသွားတာက ဆန္ဒပြပြည်သူတွေရဲ့ ပမာဏနဲ့ ဆန္ဒပြတဲ့ အချိန်အတိုင်းအရှည်ပါ။ ဆန္ဒပြခံရမယ် ဆိုတာကို ကြိုမျှော်လင့်ထားပေမဲ့ ပြည်သူတွေ ဒီလောက်အင်အားနဲ့ ဒီလောက်အချိန်ကြာကြာ ဆန္ဒပြကြလိမ့်မယ်လို့ သူ မျှော်လင့်မထားခဲ့ပါဘူး။ ဒါပေမဲ့ ရှေ့လူတွေရဲ့ အစဥ်အလာ ဖော်နည်းကားအတိုင်း ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် ဖြိုခွဲ နှိမ်နင်းလိုက်ရင် ငြိမ်ဝပ်ပိပြားသွားလိမ့်မယ်၊ မခံနိုင်လို့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေဆီ ရောက်သွားတဲ့ လူငယ်တွေလည်း မကြာခင်မှာ ABSDF လို ဇာတ်မျောသွားလိမ့်မယ်၊ CRPH လည်း CRPP လို၊ NUG လည်း NCGUB လို၊ NUCC လည်း အရင်ကပေါ်ခဲ့ဖူးတဲ့ တပ်ပေါင်းစုတွေလို တဖြည်းဖြည် မှိန်ဖျော့သွားလိမ့်မယ်၊ သူတို့အုပ်စုနဲ့ပတ်သက်ပြီး ပြည်သူတွေ ရင်ထဲရှိနေတဲ့ အမုန်းတရားဟာလည်း ကောက်ရိုးမီးလို တခဏနဲ့ ငြိမ်းသေသွားလိမ့်မယ်လို့ မအလ က ယူဆထားခဲ့ပါတယ်။ အဲဒီအယူအဆအတိုင်း လက်တွေ့လုပ်ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ ၁၉၆၂ က စတွက်ရင် နှစ်ပေါင်း ၆၀  နီးပါးကာလအတွင်း၊ ၁၉၈၈ ကနေစတွက်ရင် နှစ်ပေါင်း ၄၀ နီးပါးကာလအတွင်း ပြောင်းလဲသွားခဲ့တဲ့၊ (အထူးသဖြင့် ပြည်တွင်း) အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဥ်းစားခဲ့ခြင်း မရှိတာကြောင့် အဲဒီအယူအဆက မှားယွင်းခဲ့ပါတယ်။ အခြေအနေတွေ မအလ မျှော်လင့်ထားခဲ့တာတွေနဲ့ အားလုံး ပြောင်းပြန်ချည်း ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ မအလဟာ ရှော့ခ်တွေ တခုပြီးတခုသာ ထပ်ထပ်ပြီး ရခဲ့ပါတယ်။ အဲဒီရှော့ခ်တွေကြောင့် မူးမူးမိုက်မိုက်ဖြစ်နေတဲ့ မအလ ဟာ ရှော့ခ်ရနေတဲ့ သူကိုယ်တိုင်ကိုရော၊ သူ့နောက်လိုက်တွေကိုပါ ပါတ်ကြမ်းတိုက် (shock therapy) ကုတဲ့အနေနဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကိုဇေယျာသော် အပါအဝင် တော်လှန်ရေးသမား ၄ ယောက်ကို ကြိုးပေး သတ်ဖြတ်ပြလိုက်ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးအရှိန်အဟုန် ကျဆင်းပြီး နောက်ဆုံးမှာ ရပ်တန့်သွားစေဖို့ ရည်ရွယ်တဲ့ အဲဒီလုပ်ရပ်က ပြောင်းပြန်အကျိုးဆက်တွေကိုသာ ထုတ်လုပ် (counter productive) ပေးခဲ့ပါတယ်။ မြောက်ပိုင်းညီနောင်သုံးဖော်ရဲ့ (၁၀/၂၇) စစ်ဆင်ရေး ပေါ်လာတော့ သူ့ကိုထောက်ခံသူတွေ ကမ္ဘာ့အဆင့် ၃၈ ဆိုလား ဘာဆိုလား ဂုဏ်ဆာနေကြတဲ့ ဗမာစစ်တပ် ကိုယ်တုံးလုံးကျွတ်ကျသွားခဲ့ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ စစ်စခန်းတွေ၊ မြို့တွေ တခုပြီးတခုကျ၊ ရမခ ကျ၊  နပခ ကျ။ လက်ရှိမှာ ပြည်နယ်တွေရဲ့ မြို့တော်တွေ အတော်များများ အထီးတည်း ငုတ်တုတ်နဲ့ ခြိမ်းခြောက်ခံနေရတဲ့ အနေအထားမှာ မအလနဲ့ စစ်မိစ္ဆာ ဗိုလ်ချုပ်တစု တဖွဖွရွတ်နေတဲ့ မန္တန်က စိနံ သရဏံဂစ္ဆာမိ. ..၊ တဖွဖွရွတ်နေတဲ့ ဂါထာက စိနဂုဏောအနန္တော… ဖြစ်ဖွယ်ရှိပါတယ်။

၁၉၄၈ ပြည်တွင်းစစ်အစမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကို အလူးအလဲ ခုခံကာကွယ်နေခဲ့ရပြီးတဲ့နောက် တနှစ်လောက်အကြာမှာ စစ်တပ်ကျောထောက်နောက်ခံ ပြုပေးထားတဲ့ ဖဆပလ အစိုးရဟာ အခြေအနေ ပြန်ကောင်းလာခဲ့ပြီး မကြာခင်မှာ တနိုင်ငံလုံးနီးပါးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ လက်ရှိမှာ သူ့ စစ်ကောင်စီ အဲသလို အခြေအနေမျိုး ပြန်မဖြစ်လာနိုင်တော့ဘူး ဆိုတာကို မအလ က ကျနော်တို့ နွေဦးဘက်တော်သားတွေထက် ပိုသိပါတယ်။ သူ့ကို လေလှိုင်းထဲက မြှောက်ပင့်ပေးနေသူတွေက မကြာခင် လင်းယုန်ကြီး အစာကောက်တော့မယ်ဆိုပြီး ဘယ်လိုပဲ ကြက်ဖင်ကို မှုတ်ပေးနေကြပေမဲ့ သူ့စစ်တပ်အကြောင်း ကောင်းကောင်းသိတဲ့ မလအက မလှုပ်ပါဘူး။ ၁၉၇၀ ဝန်းကျင်လောက်က ဗကပ တပ်တွေနဲ့ တိုက်တဲ့တိုက်ပွဲတပွဲမှာ ဗိုလ်နေဝင်းတပ်ဖွဲ့ဝင်တွေ အားလုံးနီးပါး ချေမှုန်းခံရပြီး စစ်ဗိုလ်ကလေးတယောက်ပဲ ကျန်ပါတော့တယ်။ ဗကပတပ်တွေက အဲဒီစစ်ဗိုလ်ကလေးကို လက်နက်ချဖို့ အဝေးကနေ လှမ်းအော်ပြောကြပါတယ်။ အဲဒီဗိုလ်ကလေးက လက်နက်မချဘဲ “မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ အဓွန့်ရှည်ပါစေ” လို့ ဟစ်ကြွေးပြီး ချောက်နက်ကြီးထဲ ခုန်ချ သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။ ဗိုလ်ချုပ်ကျော်ဇောသမီး ဒေါက်တာလှကျော်ဇော ပြောပြတဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန် ဇာတ်လမ်းပါ။

အခု သူ့စစ်တပ်က အဲဒီစစ်ဗိုလ်ကလေး ကိုယ်စားပြုတဲ့ စစ်တပ်မျိုး မဟုတ်တော့ဘူးဆိုတာ  မအလ က သူတကာတွေထက် ပိုသိပါတယ်။ ဗိုလ်နေဝင်း စတင်ဖျက်ဆီးလိုက်ချိန်ကစပြီး အထူးသဖြင့် (နဝတ) (နအဖ) လက်ထက်ကစပြီး တဖြည်းဖြည်း ပျက်လိုက်လာတဲ့ ဗမာစစ်တပ်ဟာ အခုအချိန်မှာ သူခိုးတွေ၊ ဓားပြတွေ၊ စာမတတ်ပေမတတ်တွေ၊ ဉာဏ်ပညာအမြော်အမြင် နည်းပါးတဲ့ ကိုယ်ကျိုးကြည့် ပြည်သူ့ဆန့်ကျင်ရေးသမားတွေ စုစည်းထားတဲ့ ရာဇဝတ်ဂိုဏ်းတခု ဖြစ်နေခဲ့ပြီ ဆိုတာကို မအလ က အားလုံးထက် ပိုသိပါတယ်။ အခု သူကြုံတွေ့နေရတဲ့ သမိုင်းမှာ မကြုံဘူး မကြားဘူးတဲ့ အရှုံးတွေဟာ စစ်တပ်ရဲ့ အဲဒီပကတိအခြေအနေနဲ့ သူ့ရဲ့ မိုက်မဲရူးနှမ်းတဲ့ အမှားတခု   ပေါင်းစပ်မိသွားခဲ့ခြင်းရဲ့ အကျိုးဆက်ရလဒ်တခုသာ ဖြစ်တယ်ဆိုတာကို အခုအချိန်မှာ မအလ ကောင်းကောင်းသိနေပြီ ဖြစ်ပါတယ်။

ပြန်ပြင်လို့ မရနိုင်တော့တဲ့ ဧရာမအမှားကြီးကို သူကျူးလွန်လိုက်မိပြီလို့ သူ ဘယ်အချိန်မှာ   သိသွားသလဲ ဆိုတာကို တိတိကျကျ ပြောဖို့ခက်ပေမဲ့ သဘာဝယုတ္တိ၊ အာဂမယုတ္တိ ရှုထောင့်တွေ   အရ ကြည့်မယ်ဆိုရင်တော့ သူ အဲဒါကို သိနေပြီဆိုတဲ့အချက်က သေချာသလောက်ပါပဲ။ ဒီအခြေအနေကြောင့် (ရေပြင်ပေါ်မှာပေါ်နေတဲ့ အရာတွေကို မကြည့်ဘဲ ရေအောက်မှာမြုပ်နေတဲ့ အရာတွေကို ကြည့်နိုင်မယ်ဆိုရင်) သူ့ခေါင်းထဲ အခုတွေးနေတာက ကြိုးစင်ကို ဘယ်လို ရှောင်လွှဲမလဲ ဆိုတာသာ ဖြစ်ပါတယ်။ ရောက်တတ်ရာရာတွေ လျှောက်ပြောနေပြီး သူ့နောက်လိုက်တွေကို စိတ်ဓာတ်မြှင့်တင်ဖို့နဲ့ နိုင်ငံတချို့ကို လှည့်စားဖို့ စပ်ဖြဲဖြဲမျက်နှာနဲ့ ပွဲတကာ လိုက်တက်နေပေမဲ့ သူ့ရင်ထဲ လောင်နေတဲ့မီးကို ကြည့်သောသူ မြင်နိုင်ပါတယ်။ တို့တာဝန်အရေးသုံးပါးကို မျက်စိမှိတ်အော်နေပေမဲ့ သူ့သက်ဆိုးဆက်ရှည်နိုင်ရေးအတွက် သူ့ရဲ့အာဏာကို အဓိကခြိမ်းခြောက်နေတဲ့ NUG နဲ့ နွေဦးတော်လှန်ရေးအတွင်း (de jure power) ရော (de facto power) ပါ မြင့်တက်လာခဲ့တဲ့ ERO တွေအကြား အတတ်နိုင်ဆုံး ဘယ်လို   သပ်လျှိုသွေးခွဲနိုင်မလဲ။ သမိုင်းတလျှောက် ကျင့်သုံးလာခဲ့တဲ့ နည်းလမ်းတွေထဲက ဘယ်နည်းလမ်းကို သုံးပြီး ဘယ် ERO ကို ဝယ်မလဲ။ ဘယ် ERO ကို ငှါးမလဲ။ ဘယ် ERO ကို စားမလဲ။ ပေါက်ဖော်ကြီး အကူအညီနဲ့ ပြိုင်ဘက်ရဲ့ မြင်းတွေ၊ ရထားတွေ၊ ဘစ်ရှော့တွေကို စားလို့ရနိုင်မလား၊ ဘုရင်မကိုစားပြီး ဘုရင်ကို ချက်လို့ ရနိုင်မလား၊ အဲဒါတွေမှ မရရင် နောက်ဆုံးမှာ အပ်ကွက်နဲ့ အနိုင်ယူလို့ရနိုင်မလား၊ တခွန်းတည်းချုပ်ပြောရရင် တိုင်းပြည်ကို မီးလောင်တိုက်သွင်းနိုင်မလား ဆိုတာတွေက မအလ ခေါင်းထဲမှာရှိနေတဲ့ အတွေးတွေ ဖြစ်ဖို့များပါတယ်။

စစ်မှုမထမ်းမနေရ ဥပဒေနဲ့ ချာတူးလန်တွေ၊ အလံဖြူထောင်တွေပဲ ရမယ်ဆိုတာ မအလ က  ကောင်းကောင်းသိပါတယ်။ သူ့အောက်အဆင့်ဆင့်က ကြေးစားတွေ သူ့အောက်မှာ ဆက်ရှိနေအောင် စားခွင်ဖန်ပေးဖို့နဲ့ သူ့အတွက် အချိန်ဝယ်ဖို့ အဲဒီဥပဒေကို အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဟင်္သာကိုးသောင်းဇာတ်ခင်းခဲ့ခြင်းကလည်း အချိန်ကိုဝယ်နိုင်ဖို့ ကြိုးစားမှုတခုသာ ဖြစ်ပါတယ်။ သူ့လက်ရင်းတပည့်တွေ အပါအဝင် ဗိုလ်ချုပ်တချို့ကို သူစားခဲ့တာက ပြည်သူနဲ့ နိုင်ငံတကာကို လှည့်ဖြားဖို့ဖြစ်ပြီး တချို့ကိုစားခဲ့တာက သူ့နောက်ကျောကို ဓားနဲ့ထိုးမယ့် အန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့ ဖြစ်ပါတယ်။

မအလက သူ့ဘဝနိဂုံးကို ဖရန်ကိုလို၊ ပီနိုချေးလို၊ အနိမ့်ဆုံး ဗိုလ်နေဝင်းလို ချုပ်စေချင်ပေမဲ့   ပြည်သူတွေက သူ့ကို အဲသလိုနိဂုံးမျိုး ချုပ်ခွင့်ပြုကြမှာ မဟုတ်ပါဘူး။ ချန်ဒူးဝှမ်လို နိဂုံးမျိုးတောင် ချုပ်ခွင့်ပြုဖို့ အလားအလာနည်းပါတယ်။ ..ကျုပ်မလုပ်ရဲတာ ဘာမှမရှိဘူးလို့ ပြောခဲ့ပေမဲ့ မအလက ဟစ်တလာလို နိဂုံးမျိုး ရွေးလောက်အောင် သွေးရှိသူမဟုတ်ပါဘူး။ အကြောင်းကတော့ ရက်စက်ကြမ်းကြုတ် ယုတ်မာမှုဆိုတာ စိတ်ဓာတ်သတ္တိ အင်မတန်နည်းပါးသူတွေသာ အသုံးပြုလေ့ရှိတဲ့ နည်းလမ်းဖြစ်ပြီ မအလက အဲသလိုလူမျိုး ဖြစ်နေလို့ပါပဲ။

အဲဒီတော့ နွေဦးတော်လှန်ရေးရဲ့ လက်ရှိပေးထားချက်တွေအရ မအလကို ခြောက်လှန့်နေတဲ့   အိပ်မက်ဆိုးက ပတ်ချုံဟီးရဲ့ နိဂုံးမျိုး၊ ဆက်ဒမ်ဟူစိန်ရဲ့ နိဂုံးမျိုး၊ ကဒါဖီရဲ့ နိဂုံးမျိုး၊ ဒါမှမဟုတ် မီလိုစီဗစ်၊ ချားလ်စ်တေလာတို့ရဲ့ နိဂုံးမျိုး၊ အနည်းဆုံး မားကို့စ်၊ အာဆတ်တို့ရဲ့ နိဂုံးမျိုး ဖြစ်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ မအလ ကတော့ ညတိုင်း ဘာအိပ်မက်ဆိုးမှ မမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် ခေါင်းပြားအောင် အိပ်လို့ရနေတဲ့ ပုံမျိုးဖမ်းထားမှာပဲ ဖြစ်ပါတယ်။ မွှေတဲ့ ဖျက်တဲ့ အလုပ်ကို လုပ်နိုင်သမျှ လုပ်ရင်း၊ ပေါက်ဖော်ကြီးကို ရောင်းလို့ရတာ အကုန်ရောင်းရင်း နောက်ဆုံး ဝါးရုံပင်ကို ဖင်ပေးပြီး ခုခံတဲ့ ကျွဲရိုင်းလို နေပြည်တော်ကို ဖင်ပေးပြီးခုခံမှာ ဖြစ်ပါတယ်။

ပေါက်ဖော်ကြီးက စကစကို ကူညီစောင့်ရှောက်နေတာကလည်း မအလကို ချစ်လွန်းလို့ မဟုတ်ပါဘူး။ မြန်မာပြည်ထဲက သူ့ရဲ့ စီးပွားရေး အကျိုးစီးပွားနဲ့ သူ့ပြည်တွင်းက နိုင်ငံရေး အကျိုးစီးပွားတွေကို စကစက ကာကွယ်ပေးနိုင်မယ်လို့ ယူဆထားတာကြောင့် ဖြစ်ပါတယ်။ အဲဒီအမြင် ပြောင်းသွားအောင် လုပ်နိုင်ရင် ရပ်တည်ချက်လည်း ပြောင်းသွားမှာပါ။ ဒီအချိန်မှာ နွေဦးခေါင်းဆောင်တွေ သတိထားရမှာက မအလဟာ သူ့ဒဏ်ရာတွေ သူလျှာနဲ့လျက်ပြီး ကုဖို့ ပြင်နေတာကို အချိန်မပေးလိုက်မိဖို့ပါပဲ။ အဲဒီအမှားကို ကျူးလွန်လိုက်မိလို့ အနာတွေကျက်သွားရင် ငရဲခွေးကြီး ပြန်နာလန်ထလာပြီး နွေဦးအိပ်မက်ကို တဖဲ့စီ ဝါးစားပစ်လိုက်ပါလိမ့်မယ်။

ပြင်သစ်စစ်သည်တွေက နပိုလီယံကို ယုံကြည်သလို မြန်မာပြည်သူတွေက နွေဦးခေါင်းဆောင်တွေကို ယုံကြည်ချင်ကြပါတယ်။

စည်တော်သံ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024