Home
ဆောင်းပါး
ဟန်ဆောင်မီးနေသည်
DVB
·
February 28, 2025

နိုင်ငံတော်ဘဏ်

ငွေထုတ်ရန်တွက်၊ အကြံထုတ်ပြီး

မီးနေသည်ယောင်ဆောင်ခဲ့ရတကား။ ။

ဘဏ်ရှေ့ တန်းစီနေတဲ့ လူအုပ်ကြီးနဲ့ မနီးမဝေးမှာ စစ်သားတွေ ရှိနေတယ်။ သူတို့က ပြည်သူတွေကို လုံခြုံရေး ယူပေးနေတာတဲ့။ ဒါပေမဲ့ မဟုတ်ဘူး။ ဘဏ်ကနေ ပိုက်ဆံထုပ်ပိုက်ပြီး ပြန်ထွက်လာမယ့် လူတွေကို စောင့်နေကြတာတဲ့။ ဒါပေမဲ့ အနုကြမ်းစီးဖို့ စောင့်နေတာပါ။ ဘဏ်တွေကလည်း ပိုက်ဆံကို အကန့်အသတ်နဲ့ပဲ ထုတ်ပေးနိုင်တော့တဲ့ အခြေအနေမှာ မနက်မိုးလင်းတာနဲ့ ဘဏ်ရှေ့ တိုးဝှေ့တန်းစီပြီး ပိုက်ဆံထုတ်ဖို့ ရပ်စောင့်နေတဲ့ လူအုပ်ကြီးဟာ နေ့ဝက်ကျိုးတာနဲ့ လှည့်ပြန်လာရတာချည်းပါပဲ။ စစ်အာဏာရှိသူတွေက ပြည်သူတွေရဲ့ ပိုက်ဆံတွေကို အောက်တန်းစားဆန်ဆန် လုယူနေကြတယ်။ သေနတ်ရှိရင် အားလုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်နေရတဲ့ အချိန်လေ။

ဘာပဲဖြစ်ဖြစ် ဘဏ်ထဲမှာထည့်ထားတဲ့ ကျမရဲ့ပိုက်ဆံကို အကုန်ပြန်ထုတ်ယူနိုင်ဖို့နဲ့ ကျမရဲ့ ပိုက်ဆံကို ဘယ်စစ်အာဏာရှိသူရဲ့ လက်ထဲမှ အပါမခံရအောင် ကျမ နည်းလမ်းရှာခဲ့တယ်။ အချိန်က မိုးချုပ်ရင် ညသပိတ်တွေ အသက်ဝင်လာတယ်။ ကြွေးကြော်သံတွေရဲ့ အနောက်မှာ သေနတ်သံတွေနဲ့ အဆုံးသတ်တယ်။ လူငယ်တွေ မှောင်မှောင်မည်းမည်းမှာ ပြေးလွှားရင်း အော်ရင်းနဲ့ ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီး ခဏတာအတွင်းမှာ ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြန်တယ်။ မီးမပြတ်ပေမဲ့ အိမ်တိုင်းက မီးဖွင့်မထားဘူး။

အိမ်ခေါင်သွပ်မိုးပေါ် ခုန်ပေါက်ပြီး ရန်ဖြစ်နေတဲ့ ကြောင်တွေရဲ့ အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သလိုပါပဲ။ ဒီအချိန်မှာ ဆူညံသံတွေ ဘာတခုမှ မကြားချင်ဘူး။ အကြောက်တရားတွေက ကိုယ်ထဲကို စီးဆင်းလာနေခဲ့တယ်။ မှန်ပြတင်းပေါက်ကနေ ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ဘဏ်ထဲကပိုက်ဆံကို ငါဘယ်လိုထုတ်ရမလဲဆိုတာ ခေါင်းထဲဝင်လာတယ်။ ဟုတ်ပြီ။ အကြံရပြီ၊ အိုခေ၊ ကျမ မီးနေသည်အဖြစ် ရုပ်သဏ္ဌာန်ပေါ်အောင် သရုပ်ဆောင်မယ်။

အကောင်အထည်ဖော်မယ့် အစီအစဉ်

နောက်တနေ့ မနက်မိုးလင်း ၇ နာရီလောက်မှာ ကျမအမျိုးသားက ဘဏ်ကိုသွားတယ်။ တန်းစီတယ်။ နေ့လယ် ၂ နာရီမှာ သူက ကျမကိုဖုန်းခေါ်တယ်။ ဘဏ်မှာ ပိုက်ဆံကုန်သွားလို့ ထုတ်မပေးနိုင်တော့တဲ့အကြောင်း၊ မနက်ဖြန်မှ ပြန်လာထုတ်ယူဖို့ ဘဏ်မန်နေဂျာက မှာလိုက်ကြောင်း ပြောပြတယ်။ နောက်တနေ့ နောက်တနေ့နဲ့ နောက်လှည့်ပြန်ခဲ့ရတာလည်း များပြီ။ ကျမယောကျ်ားက ဘဏ်ရှေ့မှာပဲ ထအော်ပါတယ်။ ကျနော့်မိန်းမက ဆေးရုံမှာ၊ ကလေးမွေးထားတာ၊ နေ့တိုင်း ဆန်ပြုတ်ပဲ သောက်နေရတာ၊ ဘဏ်မှာ ကိုယ့်ပိုက်ဆံကို ပြန်ထုတ်ယူဖို့ ဒီလောက်ထိ နေပူခံ တန်းစီပြီး စောင့်စရာလားဆိုပြီး အော်တယ်။ ဘေးက လူတွေကလည်း ဟုတ်တယ်၊ ဟုတ်တယ်၊ ဒီမိုကရေစီ ရရှိရေး ဒို့အရေး၊ ဒို့အရေးနဲ့ ဆူဆူညံညံ ရုတ်ရုတ်သဲသဲ ဖြစ်လာတယ်။ အဲဒီအချိန်မှာပဲ ဘဏ်မန်နေဂျာက အနောက်တံခါးပေါက်ကနေ ထွက်လာပြီး အစ်ကို့မိန်းမက တကယ်ပဲ မီးနေသည်ဆိုရင် ခေါ်ခဲ့ပါ ခင်ဗျာ။ ရုတ်ရုတ်သဲသဲတော့ မလုပ်ပါနဲ့။ အစ်ကို့မိန်းမကို ခေါ်လာလိုက်ပါလို့ ပြောတယ်။ ဘဏ်သို့ဝင်ရောက်ခြင်း…… အခြေအနေအရ အစီအစဉ်က ကျမလိုချင်တဲ့ အကွက်ထဲ တန်းဝင်လာပြီ။ ကျမ နနွင်းမှုန့်တွေကို မျက်နှာနဲ့ ခြေလက်အစုံ သုတ်လိမ်းလိုက်တယ်။ မွန်းလွဲ နေပူကျဲကျဲမှာ နနွင်းတွေလူးထားရတော့ ချွေးတွေကရွှဲ၊ ပူကလည်းပူ၊ ဒီကြားထဲ ထဘီ ၂ ထည်ကို ထပ်ပြီးဝတ်၊ အမျိုးသားရဲ့ အပေါ်ခံ အင်္ကျီလက်ရှည်ကြီး ထပ်ဝတ်ထား၊ မီးနေသည်နဲ့တူအောင် ခေါင်းကိုလည်း ပုဆိုးနဲ့ ထပ်ပေါင်းထားရသေးတယ်။ အိုခေ ဒီလောက်ဆို မီးနေသည်နဲ့ တူသွားပါပြီ။ သိပ်မကြာခင် ကျမအမျိုးသားနဲ့ ကျမခဲအိုက ဆိုင်ကယ်နဲ့ လာခေါ်တယ်။ ကျမ ခဲအိုက ရှေ့ကမောင်းတယ်၊ ကျမက အလယ်မှာထိုင်ပြီး ကျမအမျိုးသားက ကျမနောက်မှာထိုင်တယ်။ အိမ်ကနေ စထွက်ပြီဆိုရင်ပဲ သေနတ်လွယ်ထားတဲ့ ဆံပင်ကညှဉ်းသိုးသိုး၊ အရက်နံ့က တထောင်းထောင်းနဲ့ စစ်သား ၃ယောက်က လှမ်းတားတယ်။ ဘယ်ကိုသွားမလို့လဲ၊ ဆိုင်ကယ်ကို ၃ ယောက်စီးလို့ မရဘူးဆိုတာ နားမလည်ဘူးလားတဲ့၊ “ကျမက ခုမှဆေးရုံက ဆင်းလာတာပါရှင့် မီးနေသည်ပါ”၊ ဒါဖြင့် ကလေးရောတဲ့ …. ကလေးက အသားဝါလို့ ဆေးရုံမှာ မီးပြထားရတယ်။ ခေါ်လာလို့မရသေးပါဘူး။ ပြီးရော ပြီးရော သွားတော့ သွားတော့နဲ့။ ကျမစိတ်ထဲမှာ နည်းနည်းတော့ ရယ်ချင်မိတယ်။ ကိုယ်ကပဲ သရုပ်ကောင်းနေလား မသိဘူး.. စကားပြောတာတောင် အမောဖောက်ပြီး အသက်ထွက်တော့မယ့် အသံနဲ့ဆိုတော့ သိပ်အစစ်အဆေး မခံလိုက်ရဘူး။ ဒီလိုနဲ့ ဘဏ်ရှေ့လည်း ရောက်ရော တန်းစီရပ်စောင့်နေတဲ့ လူတွေလည်း မပြန်ကြသေးဘူး။ ပိုက်ဆံရနိုးနိုးနဲ့ အားလုံးရဲ့ မျက်လုံးတွေက ဘဏ်ထဲကိုပဲ မျှော်ကြည့်နေကြတယ်။ ဒီအချိန်မှာ ကျမ ခဲအိုက မီးနေသည်ကို ခေါ်လာပြီဗျို့လို့ အော်လိုက်တယ်ဆိုရင်ပဲ အားလုံးရဲ့ အကြည့်တွေက ကျမဆီ ရောက်ကုန်တယ်။ နေရာဖယ်ပေးတဲ့သူနဲ့ လက်မောင်းကို လာတွဲကြတဲ့လူနဲ့၊ ကျမဆိုသည်မှာ လမ်းတောင် မ‌လျှောက်နိုင်တော့တဲ့ ချည့်နဲ့နေတဲ့ မီးနေသည်မကြီးလို အမူအရာက ချက်ချင်းပြောင်းသွားတယ်။ လူတွေ မအုံပါနဲ့၊ လူတွေမအုံကြပါနဲ့ဗျာဆိုပြီး ကျမအမျိုးသားက လူတွေကို မေတ္တာရပ်ခံလိုက်တော့ ဘဏ်မန်နေဂျာ ပြေးထွက်လာတယ်။ “ဟာ တောင်းပန်ပါတယ်။ တကယ် ကလေးမွေးထားတာပဲ၊ ဆေးရုံက လာရတာလား၊ ဘဏ်ထဲကို ကြွပါဗျာ၊ အပြင်မှာ နေအရမ်းပူတယ်တဲ့။ အဲဒီအချိန်မှာပဲ ကျမ အမျိုးသားနဲ့ ခဲအိုက ကျမရဲ့ ချိုင်း ၂ ဖက်ကို တယောက်တဖက်စီ ဆွဲမပြီး ခေါ်သွားလိုက်တာ ကျမခြေထောက်တွေ လေထဲမှာ မြောက်ပြီး တွဲလောင်းကြီး ပါသွားတော့တာပဲ။ ဒီကြားထဲ ခေါင်းပေါင်းက ပြုတ်ကျမှာစိုးလို့ ခေါင်းကိုလည်း ဆန့်ဆန့်ကြီး ငြိမ်ထားရသေးတယ်။ မလွယ်ပါဘူးနော် ပိုက်ဆံထုတ်ရဖို့အရေး အဲဒီလိုတွေ အကြံနက်ခဲ့ရတယ်။

အပီပြင်ဆုံး သရုပ်ဆောင်

ဘဏ်ထဲရောက်တာနဲ့ ဝန်ထမ်းကောင်မလေးတွေက ချက်ချင်းခုံလာချပေးတယ်။ “အဲကွန်းပိတ်ပိတ်၊ မီးနေသည်က အအေးခံလို့မရဘူးတဲ့”။ ကျမမှာဖြင့် နနွင်းအစွမ်းနဲ့ အပြုတ်ခံထားရသလို ဖြစ်နေတာ သူတို့မသိရှာ။ “မ မပိတ်ပါနဲ့ ရရပါတယ်၊ ခဏပဲဟာ အားနာစရာကြီးလို့.. ပြောမိလိုက်သေးတယ်။” သူတို့ကလည်း မရဘူး၊ ဝန်ဆောင်မှုကောင်းတယ် အကုန်ပိတ်တာ။ အဒေါ်ကြီး အရမ်းမောနေတယ်။ ဓာတ်ဘူးထဲက ရေနွေးလေး သောက်လိုက်ပါနော်တဲ့။ ရေခဲရေဆို တော်သေးတယ်၊ ရေနွေးလာတိုက်တယ်။ ကိုယ့်ရုပ်က အဒေါ်ကြီးရုပ် ထွက်နေလား။ တကယ်ဆို အသက်ချင်းက မကွာဘူး၊ လူတွေကလည်းလေ မီးနေသည်ဆို အဒေါ်ကြီးစာရင်းထဲ တန်းထည့်ပစ်တာပဲ။ မတတ်နိုင်ဘူး ကိုယ့်ပိုက်ဆံရဖို့ ခဏတော့ အောင့်အည်းခံလိုက်တယ်။ အချက်အလက်တွေ ဖြည့်၊ ထုတ်ရမယ့်ပမာဏ ရေးလိုက်ပြီး လက်မှတ်ထိုးလိုက်တော့ ဘဏ်မန်နေဂျာက ကရုဏာသက်ဝင်နေတဲ့ လေသံနဲ့ ”အန်တီခင်ဗျာ .. တကယ်ဆို ကျနော်တို့က ကာစတန်မာ တယောက်ကို ၃ သောင်းပဲ ထုတ်ပေးနိုင်တာပါ။ ဒါတောင် လူတိုင်းကို မထုတ်ပေးနိုင်ပါဘူး။ လူဦးရေ အကန့်အသတ်နဲ့ပဲ ထုတ်ပေးနိုင်တာပါ။ အန်တီကိုတော့ လူသားချင်းစာနာလို့၊ တကယ်လည်း မီးနေသည်တယောက် ဖြစ်နေတာရယ်ကြောင့် ထုတ်ပေးလိုက်တာပါတဲ့”။ သူ့စကားကြားတာနဲ့ ကိုယ်ကလည်း မျက်ရည်လေး ဝဲတဲတဲ ဖြစ်လာတယ်။ “ကျေးဇူးတင်လိုက်တာ ဦးလေးရယ်။ ကျမမှာလည်း ဆေးရုံစရိတ်က ရှိသေးတာရယ်၊ ကလေးမွေးထားတော့ အာဟာရရှိရှိ စားသောက်ဖို့လည်း လိုအပ်နေလို့ပါရှင့်” စကားကို ခပ်သွက်သွက်လေး ဖြတ်လိုက်ပြီး ဘဏ်ဝန်ထမ်းကို ကျေးဇူးတင်စကားပြော၊ နှုတ်ဆက်ပြီးသကာလ အမျိုးသားနဲ့ ခဲအိုက ထုံးစံအတိုင်း ချိုင်း ၂ ဖက်ကို အားကုန်မြောက်ပြီး ခေါ်သွားလိုက်တာ ကိုယ့်ခြေထောက်တွေက လေထဲမှာ ဒရောသောပါးနဲ့ ပါသွားရော။ ဖြည်းဖြည်းလုပ်ကြ၊ မီးနေသည်လည်း လက်မောင်းပြုတ်သွားဦးမယ်လို့ လှမ်းအော်တဲ့သူက အော်ပေါ့လေ။

မီးနေသည်ရဲ့အပြန်လမ်း

အပြန်လမ်းမှာတော့ ရင်ထဲပေါ့ပါးသွားပြီ၊ ကိုယ့်ပိုက်ဆံလည်း ပြန်ယူလာနိုင်ပြီမို့ အပေါ်အင်္ကျီ လက်ရှည်ကြီးကို ချွတ်၊ ခေါင်းပေါင်းကြီးဆွဲဖြုတ်နဲ့ သုံးယောက်သား ရယ်ရယ်မောမောနဲ့ ပြန်လာနိုင်ကြပေမဲ့ ပါလာတဲ့ပိုက်ဆံကို လမ်းမှာ စစ်သားတွေမသိအောင်၊ မယူနိုင်အောင်လည်း လမ်းကြိုလမ်းခွတွေကနေ ရှောင်ပြီး ပြန်လာရပါတယ်။ ကိုယ်ကသာ ကိုယ့်ပိုက်ဆံကို ပြန်ထုတ်နိုင်ဖို့ ဟန်ဆောင်မီးနေသည် လုပ်ခဲ့ရပေမဲ့ မျှော်လင့်ချက်တွေ မလျှော့နိုင်သေးဘဲ နေပြင်းပြင်းမှာ ရေဘူးလေးတွေကိုင်၊ ဘဏ်စာအုပ်လေးတွေကို ပိုက်ပြီး ဘဏ်ရှေ့မှာ ညနေစောင်းအထိ မတ်တတ်ရပ်စောင့်နေတဲ့ လူအုပ်ကြီးကို ကြည့်ပြီး ရင်ထဲမှာ စိတ်မကောင်းတော့ ဖြစ်ရပါသေးတယ်လေ။    ။

မိုင်ဇင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024