Home
ဆောင်းပါး
ဘဲဥပုံ ရုံးခန်းထဲက အီလွန်မတ်စ်ခ်နဲ့ ထရမ့်ပ်
DVB
·
February 14, 2025
Photo : Reuters

“ခင်ဗျား ဒေါ်နယ်ထရမ့်ပ်ကို ကြိုက်သလား” လို့ ခုနေ တယောက်ယောက်က မေးလာခဲ့ရင် ဟင့်အင်း လို့ပဲ ဖြေမိလိမ့်မယ်။ ကိုယ်တွေလိုပဲ ထရမ့်ပ်ကို မကြိုက်နှစ်သက်ကြသူတွေ ကမ္ဘာပေါ်မှာ ထောင်သောင်းသိန်းသန်း ရှိနိုင်ပါတယ်။ အမေရိကန်မှာလည်း သူ့ကို မကြိုက်နှစ်သက်သူက ထက်ဝက်လောက် ရှိပါတယ်။ သူက အမေရိကန်ပြည်သူတွေရဲ့ ထောက်ခံမဲ ၅၀ ရာခိုင်နှုန်းကျော်နဲ့ သမ္မတဖြစ်ခဲ့တာ မဟုတ်လား။ ကြိုက်သော်ရှိ မကြိုက်သော်ရှိ ရွေးကောက်ပွဲရလဒ်ကိုတော့ လက်ခံရမှာပဲလေ။ ဒါ ဒီမိုကရေစီ မဟုတ်လား။ ၂၀၂၄ နိုဝင်ဘာရွေးကောက်ပွဲကြိုကာလတုန်းက ကမ်မလာဟားရစ်ဘက်က ထောက်ခံကြသူတွေလည်း အများကြီးပါပဲ။ ဒါပေမဲ့ အဆုံးအဖြတ်မဲမှာ ကျတော့ ထရမ့်ပ်က နိုင်သွားတယ်။ သူ့ဘက်က ထောက်ခံသူတွေများလို့ အနိုင်ရတာပေါ့။ ဘာလို့ ထောက်ခံကြသလဲဆိုတော့ သူ့ရဲ့ MAGA ကြွေးကြော်သံကြောင့်ပေါ့။ အရာရာ အမေရိက ဖြစ်ရမယ်။ အမေရိကန် ပထမ။ America is back. အမေရိကန်အမျိုးသားရေး အစွန်းရောက်သမားတွေက သူ့ကို ထောက်ခံကြတယ်။ အမေရိကန်အကျိုးစီးပွားကို ကာကွယ်ပေးမယ့်သူအဖြစ် သူ့ကို မြင်ကြတယ်။ လေးနှစ်တာကာလအတွင်း နာမည်ပျက်အမျိုးမျိုး၊ ရာဇဝတ်ကောင်အဖြစ် တရားစွဲဆိုခံခဲ့ရပေမဲ့ သူဟာ သူ့ဘက်က လူထုထောက်ခံမှုရအောင် လုပ်နိုင်ခဲ့တယ်။

သူ့ကို felon လို့ ခေါ်ခဲ့ကြတယ်။ ရာဇဝတ်မှုကျူးလွန်သူ။ လူဆိုး။

သူဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်မရလို့ ကွန်ဂရက်အဆောက်အအုံထဲ လူအုပ်ကြီးနဲ့ ဝင်သောင်းကျန်းခဲ့တယ်။ ဘိုင်ဒင်ရဲ့ သမ္မတနန်းတက်ပွဲကိုလည်း မတက်ခဲ့ဘူး။ ၂၀၂၁ ဇန်နဝါရီ ၆ ရက် လွှတ်တော်ဝင်စီးမှုဟာ အမေရိကန်သမိုင်းမှာ အမည်းစက်ထင်ခဲ့တယ်။ ပြစ်မှုအမျိုးမျိုးနဲ့ တရားစွဲဆိုခံရတဲ့အထဲမှာ အပြာကားသရုပ်ဆောင်မယ် စတွမ်းမီ ဒန်နီယယ်ကို နှုတ်ပိတ်ခပေးတဲ့ အမှုလည်း ပါခဲ့တယ်။ အပြာမယ်နဲ့ ဇာတ်လမ်းရှုပ်တဲ့ပြစ်မှုဟာ ထင်ရှားခဲ့ပေမဲ့ နောက်ဆုံးမှာ အပြစ်ပေးမခံခဲ့ရဘူး။

ဒီလိုလူတယောက်က အမေရိကန်သမ္မတ ဖြစ်လာတဲ့အခါ ကမ္ဘာကြီးအတွက် စိုးရိမ်စရာ ဖြစ်လာတယ်။ ပထမသက်တမ်းကတည်းက တရုတ်နဲ့ ကုန်သွယ်ရေးစစ်ဖြစ်ထားတော့ တရုတ်က ပိုသတိထားနေရတယ်။ သူ့ကို အကန်တွေမပြောရဲဘူး။ သူ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တရုတ်က ဒုသမ္မတ ဟန်ကျန်းကို စေလွှတ်ပေးရတယ်။ တရားမဝင် ရွှေ့ပြောင်းရောက်ရှိနေသူတွေကို ပြန်ပို့မယ် ဆိုတာကတော့ သူ့ရဲ့ အဓိက အာဂျင်ဒါပဲ။ ပထမသက်တမ်းတုန်းကတော့ အစ္စလာမ်မစ် အစွန်းရောက်နိုင်ငံကလူတွေကို ပြည်ဝင်ခွင့်မပေးဘဲ ကျပ်လိုက်တယ်။ ခုတခေါက်မှာတော့ မက္ကဆီကို၊ ကိုလံဘီယာ၊ ဗင်နီဇွဲလား၊ အကုန်သိမ်းကြုံး ဖမ်းဆီးပြီး ပြန်ပို့တယ်။ တရားမဝင် လာရောက်နေထိုင်သူတွေအားလုံး နေလို့မရအောင် ကျပ်လိုက်တယ်။

ကြီးမြတ်သော အမေရိကန် ပြန်ဖြစ်ရမယ် ဆိုတဲ့ ကြွေးကြော်သံနဲ့ ပြီးခဲ့တဲ့ သမ္မတသက်တမ်းတုန်းကအတိုင်း ကမ္ဘာ့ပြဿနာတွေမှာ မလိုအပ်ဘဲ ဝင်မပါရေး။ ဘဏ္ဍာငွေ ဖြုန်းတီးသလို ဖြစ်နေတဲ့ WHO လို ကမ္ဘာ့အဖွဲ့အစည်းတွေက နုတ်ထွက်ရေး၊ မလိုအပ်ဘဲ ဆုံးရှုံးနေတဲ့ အစိုးရဘဏ္ဍာငွေတွေကို ဖော်ထုတ်ရေး၊ အစိုးရအသုံးစရိတ် လျှော့ချရေးက ခုတခေါက် ရွေးကောက်ပွဲမှာ ထိပ်တန်း အာဂျင်ဒါထဲ ပါလာခဲ့တယ်။

အမေရိကန်ဘီလျံနာ ခရိုနီသူဌေးတွေက ထရမ့်ပ်ရဲ့ ရွေးကောက်ပွဲကြိုကာလကတည်းက အနေအထားကြည့်ပြီး သူ့အနားကို ဝန်းရံလာကြတယ်။ ထိပ်ဆုံးက အီလွန်မတ်စ်ခ်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာတင် ဒေါ်လာ သန်း ၂၇၀ လှူထားတယ်။ အမေဇုန်သူဌေးကြီး ဂျက်ဘီဇော့၊ ဖေ့ဘွတ်ခ်သူဌေးကြီး ဇူကာဘတ် အစရှိတဲ့ အမေရိကန်ဘီလျံနာတွေ ထရမ့်ပ်နား ဝန်းရံလာကြတယ်။ ကြောက်လို့လည်း ဖြစ်နိုင်တယ်။ ဇူကာဘတ်က အရင်တခါတုန်းက ထရမ့်ပ်ရဲ့ ဖေ့ဘွတ်ခ်ကို ပိတ်လိုက်မိလို့ အခု လျော်ကြေးတောင် ပြန်ပေးတယ်။ အဆိုးဆုံးကတော့ အီလွန်မတ်စ်ခ်ပဲ။

ထရမ့်ပ်အနိုင်ရတော့ ထရမ့်ပ်အနားမှာ အပျော်ဆုံးလူသားက အီလွန်မတ်စ်ခ် ဖြစ်နေတယ်။ အစိုးရဖြစ်လာတော့ အီလွန်မတ်စ်ခ်က DOGE အစိုးရအဖွဲ့ စွမ်းဆောင်ရည် ထိန်းသိမ်းကြပ်မတ်ရေးဌာနကို ဦးဆောင်ခွင့်ရသွားတယ်။ ထရမ့်ပ်ရဲ့ အဓိက ရည်ရွယ်ချက်က “အစိုးရအဖွဲ့ အသုံးစရိတ် လျှော့ချ ဖြတ်တောက်ရေး”။ အမေရိကန်အစိုးရအဖွဲ့မှာ မလိုအပ်ဘဲ အပိုကုန်ကျနေတဲ့ ဘဏ္ဍာငွေတွေကို ဖော်ထုတ်ဖို့၊ လျှော့ချဖို့နဲ့ ဖြတ်တောက်ဖို့။ ဒီအထဲမှာ နိုင်ငံတကာကိုပေးနေတဲ့ အကူအညီ အထောက်အပံ့တွေလည်း ပါတယ်။ အထင်ရှားဆုံးက USAID ပဲ။ USAID အထောက်အပံ့အားလုံးကို ရက် ၉၀ အတွင်း ပြန်လည်သုံးသပ်ဖို့ ရပ်ဆိုင်းလိုက်တယ်။ ခုတော့ ဌာနကိုပါ ဖျက်လိုက်ပါပြီ။ အလုပ်ပြုတ်သွားတဲ့ ဝန်ထမ်းအရေအတွက်က ထောင်သောင်းမက ရှိတယ်။ အစိုးရဝန်ထမ်းတွေကိုလည်း အလုပ်ထွက်ခိုင်းပြီး အရေအတွက် လျှော့ချတယ်။

ရွေးကောက်ခံမဟုတ်တဲ့ သူဌေးတယောက်က သမ္မတအနားမှာနေပြီး လုပ်ချင်ရာ လုပ်သလို ဖြစ်နေတယ်။ ဒီလုပ်ရပ်တွေဟာ တရားဥပဒေနဲ့မညီလို့ ဒေသဆိုင်ရာ တရားသူကြီးက အမိန့်နဲ့ တားမြစ်လည်း ဂရုမစိုက်ဘူး။ ထရမ့်ပ်နဲ့ အီလွန်မတ်စ်ခ်ရဲ့ လုပ်ရပ်ဟာ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်နေတယ်လို့ဆိုလည်း ရွေးကောက်ခံသမ္မတတဦးကို တရားသူကြီးတဦးက အမိန့်ပေးတားဆီးခွင့် မရှိဘူးလို့ တုံ့ပြန်တယ်။

အီလွန်မတ်စ်ခ်နဲ့ ထရမ့်ပ်က လုပ်ချင်ရာလုပ်သလိုဖြစ်နေတော့ ဒီမိုကရက်ထောက်ခံသူတွေက ဆန္ဒပြကြတယ်။ ရွေးကောက်ခံမဟုတ်တဲ့ အီလွန်မတ်စ်ခ်ကို ဆန္ဒပြကြတယ်။

ဖေဖော်ဝါရီ ၁၁ ရက်ကတော့ ထရမ့်ပ်ရဲ့ ဘဲဥပုံရုံးခန်းထဲမှာ အီလွန်မတ်စ်ခ်နဲ့ ထရမ့်ပ်ကို တွေ့လိုက်ရတယ်။ သတင်းထောက်တွေနဲ့ တွေ့တဲ့ အဲဒီပွဲမှာ အီလွန်မတ်စ်ခ်က လေးနှစ်အရွယ် သူ့သား လီလ် X ကိုလည်း ခေါ်လာတယ်။ ဒီကလေးက အီလွန် ဘယ်သွားသွား ပါနေတဲ့ကလေးဖြစ်ပြီး တော်တော်လေး အလိုလိုက်ထားတယ်။ ကလေးကို အမြဲတမ်း ပခုံးပေါ်တင်ထားပြီး ပွဲလမ်းသဘင်တွေကြား သွားလေ့ရှိတယ်။ ခုလည်း ဘဲဥပုံရုံးခန်းထဲက သတင်းစာရှင်းလင်းပွဲမှာ ဒီကလေး ပါနေတယ်။

သတင်းထောက်တွေက “ခင်ဗျား အစိုးရအဖွဲ့ကို မလိမ့်တပတ်နဲ့ အာဏာသိမ်းထားတာလား” လို့ မေးတော့ သူက မဟုတ်ရပါဘူးလို့ ရယ်မောပြီး ဖြေတယ်။ “ပြည်သူလူထုက အစိုးရအဖွဲ့ကို ပြုပြင်ပြောင်းလဲရေး လုပ်စေချင်လို့ မဲပေးရွေးချယ်လိုက်တာ။ ဒါကို အစိုးရက လုပ်နေတာ ဘာထူးဆန်းလို့လဲ။ အစိုးရအသုံးစရိတ် လျှော့ချဖို့ဆိုတာ ရွေးချယ်ရမယ့်ကိစ္စမဟုတ်ဘူး။ လုပ်ကို လုပ်ရမယ့် အလုပ်” လို့ သူကပြောတယ်။

အီလွန်မတ်စ်ခ်ရဲ့ လုပ်ဆောင်ချက်တချို့ဟာ စည်းတွေ ဘောင်တွေ ကျော်လာတဲ့အတွက် ဒီမိုကရက်တွေကတော့ မကျေမနပ်ဖြစ်နေကြတယ်။ အစိုးရ ဘဏ္ဍာရေးဌာန မှတ်တမ်းတွေကိုပါ DOGE က ယူကြည့်ခွင့်ရနေတာဟာ ကွန်ဂရက်က လက်မှတ်ထိုး အတည်ပြုပြီးသား ကိစ္စတွေအပေါ် ဝင်ရောက်စွက်ဖက်တာဖြစ်ပြီး ဒီလုပ်ရပ်နဲ့ပတ်သက်လို့ အစိုးရတရားသူကြီးက ဆက်မလုပ်ဖို့ တားမြစ်ထားတယ်။ သူကိုယ်တိုင် ရွေးကောက်ခံမဟုတ်ဘဲ အစိုးရဌာနကြီးတခုကို ဦးဆောင်နေပေမဲ့ အစိုးရဝန်ထမ်းအများစုဟာ ရွေးကောက်ခံကိုယ်စားလှယ်တွေထက် အာဏာပိုသုံးနေတဲ့ ရွေးကောက်ခံမဟုတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီတဲ့ အစိုးရရဲ့ စတုတ္ထမဏ္ဍိုင် ဖြစ်နေတယ်လို့လည်း စွပ်စွဲခဲ့တယ်။

ဂါဇာက ပါလက်စတိုင်းတွေကို ဒေါ်လာသန်း ၆၀ ဖိုး ကွန်ဒုံးတွေ ပေးခဲ့တယ်လို့ သူပြောခဲ့ပြီးမှ သတင်းထောက်က သေချာအောင် ထပ်မေးတဲ့အခါ သူပြောတာ မှားနိုင်ပါတယ်လို့ ဖြေတယ်။

ဘဲဥပုံရုံးခန်း (Oval office) ဆိုတာ အမေရိကန်မှာ အမြင့်ဆုံး သမ္မတရုံးထိုင်တဲ့ ရုံးခန်းပါ။ ထရမ့်ပ်က သမ္မတစားပွဲခုံမှာ ထိုင်နေတုန်း အီလွန်မတ်စ်ခ်က မတ်တပ်ရပ်ပြီး သတင်းထောက်တွေရဲ့ အမေးကို ဖြေတာပါ။ ထုံးစံအတိုင်း အီလွန်ရဲ့ သားငယ် လီလ် X က အငြိမ်မနေပါဘူး။ သမ္မတထရမ့်ပ်ကို စကားတွေသွားပြောနေလို့ ထရမ့်ပ် မျက်နှာလွှဲလိုက်ရတယ်။ အဖေက စကားတွေပြောနေတုန်း သမ္မတစားပွဲခုံဘေးမှာ မှီနေတယ်။ နှာခေါင်းကို လက်နဲ့နှိုက်တယ်။ သတင်းထောက်တွေရဲ့ အမေးကို ဖြေနေတုန်းမှာပဲ သားငယ်က အနှောင့်အယှက်ပေးနေတော့ ပခုံးပေါ်ဆွဲတင်ပြီး ထိုင်ခိုင်းတယ်။ တဖက်က မေးခွန်းတွေကို ဖြေနေတုန်းမှာပဲ ပခုံးပေါ်က သူ့သားငယ်က အီလွန်ရဲ့ နားရွက်နှစ်ဖက်ကို ပွတ်နေပြန်တယ်။

ဒီမြင်ကွင်းကို မြင်ရတာ စိတ်ထဲ ကသိကအောင့်ဖြစ်မိတယ်။ ကမ္ဘာ့နံပါတ်တစ် သူဌေးကြီးတဦးက အမေရိကန်သမ္မတရုံးခန်းထဲ ကလေးငယ်တဦးကို ပခုံးပေါ်တင်၊ ဘေးနားထားပြီး သတင်းထောက်တွေရဲ့ အမေးကို ဖြေကြားနေပုံက ပမာမခန့်သလိုပါပဲ။ ဒီကလေးငယ်က အီလွန်ရဲ့ သားဆိုပေမဲ့ တရားဝင်မဟုတ်တဲ့ သားတဦးပါ။ အီလွန်မတ်စ်ခ်မှာ အိမ်ထောင်သုံးဆက်နဲ့ ကလေး ၁၂ ယောက်ရှိပြီး ဒီကလေးက ကနေဒါ ဂီတသမား ဂရီမက်စ်နဲ့ ရထားတဲ့ကလေးပါ။ ဒါပေမဲ့ ဂရီမက်စ်နဲ့ အီလွန် လက်ထပ်မထားပါဘူး။ ဒီကလေးရဲ့ Biological father က အီလွန်ပါ။ အီလွန်မတ်စ်ခ်မှာ တရားဝင်လက်ထပ်ထားတဲ့ ဇနီးမယား မရှိပါဘူး။ ကလေးတွေ မွေးထားပေမဲ့ ဖခင်လို့ ခံယူမထားသူ ဖြစ်တယ်။ သူက လူဦးရေတိုးပွားရေးကို ထောက်ခံအားပေးသူလို့ ဆိုတယ်။

ဘဲဥပုံ သမ္မတရုံးခန်းထဲမှာ အနက်ရောင် Make America Great Again လျှာထိုးဦးထုပ်နဲ့ အနက်ရောင်ကုတ်နဲ့ ဝတ်စုံကို ဝတ်ဆင်ထားသူ၊ Space X နဲ့ Teslar လျှပ်စစ်ကားကုမ္ပဏီပိုင်ရှင်၊ လူမှုကွန်ရက် X ပိုင်ရှင် အမေရိကန် နံပါတ်တစ် ဘီလျံနာသူဌေးကြီး အီလွန်မတ်စ်ခ်ဟာ သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ဘေးနားထားလို့ သတင်းစာရှင်းလင်းပွဲ လုပ်နေတယ်။ အင်္ဂါဂြိုဟ်ပေါ်တက်ပြီး အမေရိကန်အလံစိုက်မယ်လို့ ကြွေးကြော်ထားသူ အီလွန်ရဲ့ ပိုင်ဆိုင်မှုက ထရမ့်ပ် သမ္မတဖြစ်ပြီးနောက်မှာ ထရီလျံများစွာအထိ တိုးပွားလာတယ်လို့ ဆိုတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ NASA အတွက် အဓိက ကန်ထရိုက် ရရှိထားသူက အီလွန်မတ်စ်ခ်၀ါ။ အီလွန်မတ်စ်ခ်ရဲ့ X ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း ဒေါ်လာ ၁၃ ဘီလီယံ ကန်ထရိုက်ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း အစိုးရကန်ထရိုက် တန်ဖိုး ၃ ဒသမ ၈ ဘီလီယံ ရရှိခဲ့တယ်လို့ ဆိုတယ်။

CWM

Ref: Elon Musk denies ‘hostile takeover’ of government in surprise White House appearance

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024