
စစ်မှုထမ်းဥပဒေဟာ ဗမာပြည်မှာ ဖြစ်ခဲ့သမျှ ရေဘေး၊ မီးဘေး၊ လေမုန်တိုင်းဘေး၊ သူခိုးဓားပြဘေး အစရှိတဲ့ ရန်သူမျိုးငါးပါးထဲကမှ အဆိုးဝါးဆုံးဖြစ်နေတဲ့ မင်းဘေးဖြစ်နေပါတယ်။ တနည်းပြောရရင် ဖိနှိပ်အုပ်ချုပ်သူတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုပေါ့။ လူထုတရပ်လုံးအပေါ် ချက်စ်ထိုးသလို လိုသလို ကျွေးနေမှုကြီးပေါ့။
မြို့နေလူထုဟာ အခုတလော ကုလားတိုက် ကျားကိုက် ဆိုစလို စစ်မှုထမ်းဥပဒေရဲ့ ခြောက်လှန့်မှုကြောင့် ကျီးလန့်စာစား ဘဝတွေ ရောက်နေကြပါပြီ။ မိခင်နဲ့ နှမလေးပဲ ရှိတော့တဲ့ အစ်ကိုဖြစ်သူ၊ သားကြီးဖြစ်သူက စစ်ထဲပါသွားတဲ့အခါ ခိုကိုးရာမဲ့ ဖြစ်နေခဲ့ကြရတဲ့ မုဆိုးမ အမယ်အိုတွေ၊ အပျိုပေါက် အမျိုးသမီးလေးတွေ၊ ပညာသင်အရွယ် ကလေးသူငယ်တွေနဲ့ မြို့ပြဟာ အတော်လေး အမှောင်ခေတ်ဆန်ဆန် ဖြစ်နေပါပြီ။ ဒါပေမဲ့ သူတို့ စစ်ကောင်စီရဲ့ လက်ဝေခံတွေ၊ သားသမီး ဆွေမျိုးတွေ၊ ခရိုနီသူဌေးတွေကတော့ စစ်မှုထမ်းစာရင်းထဲ ပါမလာပါဘူး။ အဓိကအားဖြင့် ရိုးရိုးသားသား လုပ်ကိုင်စားသောက်ကြသူတွေ၊ ကျောမွဲ ဆင်းရဲသားတွေက အဓိက ပစ်မှတ် ဖြစ်လာရတာပါ။ ဒါဟာ ဘာ့ကြောင့်ပါလဲ။
ဒီ မြို့နေလူထုကြီးဟာ စစ်ကောင်စီကို တမ်းတမ်းစွဲ ထောက်ခံခဲ့သူတွေလား၊ စစ်ကောင်စီ ဝါဒဖြန့်မှုကို နှစ်ခြိုက်ကြသူတွေလား၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်လို့ ယုံကြည်ကြသူတွေလား။ တခုမှမဟုတ်ပါဘူး။ ဒီမြို့နေလူထုကြီးဟာ စစ်ကောင်စီကို အင်နဲ့ အားနဲ့ ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသူတွေပါ။ မြို့တော်လမ်းမကြီးတွေ ပြည့်ကျပ်သွားတဲ့အထိ ဆန့်ကျင် သပိတ်မှောက်ခဲ့ကြသူတွေပါ။ တခါ အသံတိတ်သပိတ် ဆိုပြန်တော့လည်း တမြို့လုံး ခွေးတကောင်၊ ကြောင်တမြီးမှ မကျန်အောင် အပြင်မထွက်ဘဲ ဆန့်ကျင် သပိတ်မှောက်ခဲ့ကြသူတွေပါ။ ဒါဆို ဘာလို့ ခုလို စစ်ကောင်စီရဲ့ လိုသလို ဖိနှိပ်အသုံးချခံနေရတာလဲ။ စစ်ကောင်စီရဲ့ ထီးနန်းမပျောက်ပျက်ရေး၊ တိုင်းပြည်ရဲ့ လူထုတရပ်လုံးကို အဘက်ဘက်က ဖိနှိပ်ဖို့ ဖွဲ့စည်းထားတဲ့ ဒီဖက်ဆစ်စစ်တပ်၊ ကိုယ်တိုင်ဆန့်ကျင် သပိတ်မှောက်ခဲ့တဲ့ ဖက်ဆစ်စစ်တပ်ကို ဘာကြောင့် အလုပ်အကျွေးပြုရမလဲ။ သေချာစဥ်းစားရမယ့် အချက်ပါ။ ဒါဆို ဒီစဥ်းစားချက်ကို အဖြေထွက်လာဖို့ အညာဒေသရဲ့ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေတဲ့ လူထုအပေါ် အခြေခံစဥ်းစားလိုက်ရအောင်ပါ။
အညာဒေသဟာ အာဏာသိမ်းပြီး များမကြာမီကာလမှာပဲ လက်နက်ကိုင်တော်လှန်ရေးကို ရဲရဲဝံ့ဝံ့ ဆင်နွှဲခဲ့ကြသူတွေပါ။ တူမီးခေတ်ဆိုရင် တူမီးယမ်းထောင်းဖို့အတွက် ဘာယမ်းစိမ်းမှ မရှိတဲ့အခါမျိုးတွေမှာ နွားချေးပုံကြီးရဲ့ အောက်ခြေက အဆွေးတွေကို ကျိုရင် ရတယ်လို့ ကြားသိရတဲ့အခါ နွားချေးပုံကြီး လှန်လှောပြီး တကယ်နွားချေးကျိုခဲ့ကြတာပါ။ လက်တွေ့ပါ ငြိမ်းမောင်တို့က။ ထယ်ကျိုးထယ်ပဲ့တွေက မိုင်းထဲမှာ ထည့်ခွဲရင် ဖျက်အားမြှင့်သတဲ့ ဆိုပြန်တော့ လယ်ထဲက ထွန်လက်စ ထယ်သွားကို ရိုက်ခွဲပြီး ပေးကြသူတွေလည်း ကြုံဖူးပါတယ်။ ကောက်ရိုးလှည်းထဲ ဆီ၊ ဆန်၊ ကြက်သွန်တွေ ခိုးတင်ပေးကြတာတွေလည်း ကြုံဖူးပါတယ်။ ရိက္ခာမရှိဘူးလို့ ညည်းလိုက်ရင် ခြံထဲကဝက်ကို အကောင်လိုက် အရှင်ဖမ်းပေးတာတွေ ကြုံဖူးပါတယ်။ အဲ့သလို ရဲရင့်ခဲ့ကြတာပါ။ ဒီအတွက်လည်း ထောင်ထဲမှာရောက်နေသူတွေ၊ ချက်ချင်းဆိုသလို ပစ်ခတ်သတ်ဖြတ်ခံလိုက်ရသူတွေလည်း ဒုနဲ့ ဒေးပါပဲ။ အိုးအိမ်၊ စည်းစိမ်ကစလို့ စပါးသီးနှံတွေအထိ မီးရှို့ဖျက်ဆီးခံရတာတွေလည်း တောင်လိုပုံနေပါပြီ။
ဒါပေမဲ့ အခု စစ်မှုထမ်းဥပဒေကိစ္စနဲ့ အဲဒီ အညာဒေသကို ချိန်ထိုးစဥ်းစားတဲ့အခါမှာတော့ စစ်မှုထမ်းတစ္ဆေကြီးက နောက်ဆုတ်ပေးရပါတယ်။ အလာကောင်းပေမဲ့ အခါနှောင်းခဲ့ပြီပေါ့။ ခေတ်ဆန်ဆန်ပြောရရင်တော့ “အညာလူထုက ဆောရီးပါပဲ”။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအာဏာကို လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲပြီး ဖျက်သိမ်းလိုက်နိုင်တဲ့ အညာဒေသမှာ စစ်ကောင်စီရဲ့ ဘယ်ဖိနှိပ်ရေးဥပဒေမှ အသက်မဝင်နိုင်တော့ပါဘူး။ ဒီ့အတူ ဖိနှိပ်တဲ့ တရားစီရင်ရေးတွေလည်း ကျဆုံးခဲ့ပါပြီ။ ခုအခြေအနေမှာ အညာဒေသဟာ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ရင် တိမ်းရှောင်လာမယ့်သူတွေကို ကြိုဆိုနေရုံကလွဲလို့ အိပ်မက်ထဲတောင် ထည့်စဥ်းစားစရာ မလိုပါဘူး။ အေးအေးချမ်းချမ်းပါပဲ။ ဒါဟာ စစ်ကို စစ်နဲ့ တုံ့ပြန်နိုင်မှုပါ။ လက်နက်နဲ့ အုပ်စိုးဖိနှိပ်သူကို လက်နက်နဲ့ တန်ပြန်နိုင်တာပါ။ ဒါဟာ လက်နက်ကိုင်တော်လှန်ရေးရဲ့ တကယ့် အနှစ်သာရပါ။
ဒီတော့ လက်နက်ကိုင်တော်လှန်ရေး မဆင်နွှဲရသေးတဲ့ တချို့သော ကျေးလက်နယ်တွေဟာ စစ်ကောင်စီရဲ့ မတရားဖိနှိပ်တဲ့ အုပ်ချုပ်ရေးတွေ၊ ဥပဒေတွေ၊ တရားစီရင်မှုတွေကို လက်နက်ကိုင်တော်လှန်ရေးနဲ့သာ ဖြိုဖျက်နိုင်မယ် ဆိုတာကို ယုံမှားသံသယ မရှိကြဖို့ လိုပါတယ်။ ဒါ့အပြင် မြို့နေလူထုအနေနဲ့လည်း မြို့ပြရဲ့ ပထဝီအနေအထား၊ တည်ဆောက်ဖွဲ့စည်းပုံ၊ ရန်သူ့ယန္တရားအင်အား ကောင်းနေမှုတွေကို သေချာလေ့လာပြီးသကာလ အနီးဆုံး လက်နက်ကိုင် တော်လှန်ရေးနယ်မြေမှာ ပူးပေါင်းပြီး တတ်နိုင်တဲ့ဘက်က ထောက်ပံ့ပေးကြဖို့ လိုအပ်ပါတယ်။ ဒါမှသာ စစ်ကောင်စီရဲ့ အလုံးစုံသော မတရားတဲ့ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာတွေ ကျဆုံး ပြိုကျရပါလိမ့်မယ်။
အညာဒေသ အနေနဲ့ကတော့ ရန်သူစစ်အုပ်စုရဲ့ အာဏာကို တပိုင်တနိုင် ဖြိုချနိုင်ခဲ့ပြီး ဖြစ်ပြီး လူထုအုပ်ချုပ်ရေး တည်ထောင်ရာမှာတော့ အခက်အခဲတွေ၊ အသားမကျမှုတွေ၊ ဦးဆောင်မှုအခန်းကဏ္ဍ ညံ့ဖျင်းမှုတွေကြောင့် ပဋိပက္ခတွေ ရှိနေပါတယ်။ ဒါတွေကိုတော့ ညှိနှိုင်းစုပေါင်းတဲ့ လုပ်ဟန်နဲ့ ဖြေရှင်းရပါမယ်။ သို့သော်လည်း လက်ရှိ စစ်မှုထမ်းဥပဒေကို ရိုက်ချိုးလိုက်နိုင်တာကိုပဲ လက်နက်ကိုင်တော်လှန်ရေးရဲ့ အနှစ်သာရ ပြယုဂ် ဖြစ်လို့နေပါတယ်။ အနည်းဆုံးတော့ ပြည်သူတဦးတယောက်မကျန် သေမင်းနဲ့ အသက်ချင်းယှဥ်ပြီး တိုက်ခိုက်စရာ မလိုတော့ပါဘူး။
ဒါဟာ လူထုကြီးက တောင့်တနေတဲ့ ဒီမိုကရေစီပါ။ မျှတစွာ ရှင်သန်ရပ်တည်ခွင့်ပါပဲ။ အဲလို ဒီမိုကရေစီကို ရဖို့လည်း လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲခဲ့ရတာပါ။ ခုဆိုရင် အညာဒေသဟာ စစ်မှုထမ်းတစ္ဆေကြီး မခြောက်လှန့်ရဲတဲ့ တားမြစ်နယ်မြေအဖြစ်ပဲ ပြောပြော၊ စစ်မှုထမ်းဥပဒေရဲ့ ဖိနှိပ်မှုကနေ ကင်းကွာတဲ့ လွတ်မြောက်နယ်မြေလို့ပဲ ပြောပြော ခေါင်းမော့ ရင်ကော့နိုင်ပါပြီ။ ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေး အဓွန့်ရှည်ပါစေ။ ဖိနှိပ်တဲ့ အုပ်စိုးသူလူတန်းစား မုချဧကန် ပြိုကျပျက်စီးပါစေ။ ပြည်သူလူထုအပေါင်း ရွှင်လန်းအားတက်ပါစေခင်ဗျား။
ငြိမ်းမောင်(ပ.တ.တ)