Home
မြန်မာသတင်း
ပိတ်ရက်ရှည်တွင် ဝန်ထမ်းများ ခရီးဝေးမသွားရန် ညွှန်ကြားထား
DVB
·
February 28, 2025

မတ်လနဲ့ ဧပြီလတွေအတွင်း ရုံးပိတ်ရက်ရှည်တွေမှာ ဝန်ထမ်းတွေ ခရီးဝေးမသွားကြဖို့နဲ့ နယ်ဝေးက အိမ်မပြန်ကြဖို့ အထက်လူကြီးတွေက နှုတ်စကားနဲ့ လိုက်လံပြောဆိုနေတယ်လို့ ဝန်ထမ်းတွေဆီက သိရပါတယ်။

ရန်ကုန်က တရားရေးဌာန၊ စည်ပင်ဌာန၊ လဝကနဲ့ အခွန်ရုံးက ဝန်ထမ်းတွေကို အထက်လူကြီးတွေက ရုံးပိတ်ရက်ရှည်မှာ ခရီးဝေးမထွက်ကြဖို့၊ အရေးကြီးကိစ္စနဲ့ ခရီးထွက်ရမယ်ဆိုလည်း ဝန်ထမ်းဖြစ်ကြောင်း အထောက်အထားတွေ မသုံးနှုန်းကြဖို့ ရုံးတွင်းမှာ လိုက်လံမှာကြားနေတယ်လို့ တရားရေး ဝန်ထမ်းတယောက်က ပြောပါတယ်။

“ဝန်ထမ်းတွေကို ရက်ရှည်ပိတ်ရက်တွေမှာ နယ်ဝေးခရီး မပြန်ဖို့၊ ခရီးမထွက်ဖို့၊ အရေးကြီးကိစ္စ ခရီးထွက်ပါက ဝန်ထမ်း အသုံးအနှုန်းမသုံးဖို့၊ ဒီကြားထဲ ပိတ်ရက်ရှည်နဲ့ သင်္ကြန်ပိတ်ရက်ရှည် ပြန်တဲ့အခါ ဝန်ထမ်းတွေ တတ်နိုင်ရင် မပြန်ဖို့နဲ့ ပြန်လို့ လမ်းခရီးမှာ တခုခုဖြစ်ရင် ကိုယ်ဖြစ်ကိုယ်ရှင်းတဲ့ အထက်လူကြီးကအဲဒီလို လာပြောတယ်။” 

Non- CDM ဝန်ထမ်းတွေအနေနဲ့ ခရီးသွားလာနေရင်း PDF နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ စစ်ဆေးတွေ့ရှိတာနဲ့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့သတင်းတွေကြောင့် ဌာနတွေအတွင်းမှာ လိုက်လံသတိပေးနေတာလို့ ဆိုပါတယ်၊။

“အခု ဝန်ထမ်းတွေကို ခရီးထွက်ရင် PDF တွေ တိုင်းရင်းသားလက်နက်ကိုင်တွေက ဖမ်းတယ်ဆိုတဲ့ သတင်းတွေ၊ လမ်းခရီးမှာ စစ်ဆေးတယ်ဆိုတဲ့ သတင်းတွေကြောင့်ပေါ့ အဓိက ကတော့။ အဲတာကြောင့် ဝန်ထမ်းတွေ အခုဆို နယ်ခရီး အိမ်မပြန်နိုင်ကြဘူး၊ တချို့ဆို မိသားစုတွေပါ ရန်ကုန်မှာ အိမ်ငှားပြီး လာနေကြရတဲ့ အဖြစ်ပါ ရှိနေကြတယ်” လို့ အဆိုပါ တရားရေးဝန်ထမ်းက ပြောပါတယ်။

ပြီးခဲ့တဲ့ လတွေတုန်းကလည်း ရခိုင်နဲ့ ဧရာဝတီတိုင်းထဲက ဝန်ထမ်းတွေကို ခရီးမသွားဖို့နဲ့ အရေးပေါ် ပြင်ဆင်မှု ပြုလုပ်ထားကြဖို့ကိုလည်း အထက်လူကြီးတွေက လိုက်လံမှာကြားထားကြောင်း သိရပါတယ်။

လာမယ့် ၂၀၂၅ ခု မတ်လအတွင်းမှာ တဆက်တည်း ရုံးပိတ်ရက်ရှည်က ၁၂ ရက်ကနေ ၁၆ ရက်ထိ ၅ ရက်ကြာ ရုံးပိတ်မှာဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013