Home
မြန်မာသတင်း
ရိုဟင်ဂျာများအပါအဝင် ဖမ်းထားသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၉ ဦးကို AA ပြန်လွှတ်ပေး
DVB
·
February 28, 2025
Photo ; UNB

အာရက္ခတပ်တော် (AA) က  ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၉ ဦးကို ပြန် လွှတ်ပေးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) တက္ကနတ်ဖ်တပ်ရင်း ၂ ရဲ့ ညှိနှိုင်းမှုနဲ့ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲပိုင်းမှာ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပြီး သူတို့ကို ညနေပိုင်းမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်က တက္ကနတ်ဖ်-မြန်မာ ကူးသန်းသွားလာရေး ဆိပ်ခံတံတားကို ပို့ဆောင်ခဲ့တယ်လို့ ဒုတိယ ဗိုလ်မှူးကြီး အာရှီကာ ရာမန်က ပြောပါတယ်။

AA က ပြန်လွှတ်ပေးလိုက်တဲ့ ငါးဖမ်းသမားတွေထဲက ၁၄ ဦးကတော့ တက္ကနတ်ဖ်နဲ့ ယူခီ ယာဒေသတွေက စခန်းအသီးသီးမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဖြစ်ပြီး သူတို့ကို နောက်ပိုင်းမှာ မိသားစုတွေဆီ လွှဲပြောင်းပေးသွားမယ်လို့လည်း ဆိုပါတယ်။

ငါးဖမ်းသမား ၂၉ ဦးဟာ သူတို့ရဲ့ လှေတွေနဲ့ ငါးဖမ်းကြရင်း မြန်မာ့ရေပိုင်နက်ထဲကို အ မှတ်မထင်ဘဲ ကျူးကျော်ဝင်ရောက်မိချိန်မှာ AA က ဖမ်းဆီးခဲ့တာဖြစ်ပြီး သူတို့နဲ့ ဆက် သွယ်ဆွေးနွေးပြီးတဲ့နောက်မှာ ပြန်လည်လွတ်မြောက်လာခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

ပြန်လည်လွတ်မြောက်လာသူ ငါးဖမ်းသမားတဦးဖြစ်တဲ့ အာမန် အူလာက “ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ငါတို့လှေပေါ်မှာ ငါးဖမ်းနေတုန်း အာရက္ခတပ်တော် (AA) က ဖမ်းတယ်။ သူတို့က ရေထဲမှာ တရားမဝင် ငါးဖမ်းတဲ့အတွက် ဖမ်းဆီးတာလို့ ပြောခဲ့ပါတယ်။ သူတို့က ငါတို့ကို ကိုယ်ထိလက်ရောက် ဘာတခုမှ နှိပ်စက်တာ မရှိပေမဲ့ ဘာ အစားအစာမှလည်း မပေးခဲ့ဘူး” လို့ ပြောပါတယ်။

နောက်ထပ်တယောက်ဖြစ်တဲ့ မိုဟာမက်ဒ် ဟာဆန်ကလည်း “ကျနော်တို့ ဘိုးဘေးတွေ ကတည်းက ဒီနယ်စပ်မှာ မျိုးဆက်ပေါင်းများစွာ ငါးဖမ်းလာကြတယ်။ တံငါသည်တွေ ဟိုမှာ နှစ်အတန်ကြာ ငါးဖမ်းလာကြတယ်။ အဲဒါကြောင့် အဲဒီနေရာကို သွားခဲ့ကြတာပါ။ အဲဒီဒေသမှာ လွတ်လွတ်လပ်လပ် ငါးဖမ်းခွင့်ပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို မေတ္တာရပ်ခံပါတယ်” လို့ ပြောပါတယ်။

လတ်တလောမှာတော့ ငါးဖမ်းသမားတွေ လွတ်မြောက်လာပေမဲ့ AA က လှေတွေနဲ့ ငါးဖမ်းပိုက်တွေကို ပြန်မပေးခဲ့ဘူးလို့ သိရသလို နတ်မြစ်နဲ့ ပင်လယ်ပြင်တွေမှာ ဒီလို အဖြစ်မျိုးတွေ တိုးလာလို့ ရေလုပ်သားတွေ ကြောက်ရွံ့မှုတွေ တိုးလာနေတယ်လို့လည်း  လှေပိုင်ရှင်တဦးဖြစ်တဲ့ ဘိုင်ဒီရူ ရာမန်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ငါးဖမ်းသမားတွေဟာ ရခိုင်ရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းမှုတွေကြောင့် အာရက္ခတပ်တော် (AA) က ဖမ်းဆီးအရေးယူမှုတွေရှိသလို နှစ်ဖက် တာဝန်ရှိသူတွေအကြား ဆက်သွယ်မှုပြုလုပ်ပြီး ပြန်လွှတ်ပေးတာတွေလည်း ရှိနေတာပါ။

ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မောင်တောမြို့နယ်ကို အာရက္ခတပ်တော်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ပိုင်း ၂ နိုင်ငံ နယ်စပ်တလျှောက်မှာ လုံခြုံတိုးမြှင့် ဆောင်ရွက်နေတာတွေလည်း ရှိနေပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော် (AA) က ရခိုင်ရေပိုင်နက်အတွင်း ကျူးကျော်ပြီး ငါးခိုးဖမ်းဖို့ ဝင်ရောက်လာတဲ့ ဘယ်သူကိုမဆို တရားဥပဒေနဲ့အညီ စစ်ဆေး၊ အပြစ်ပေး အရေးယူသွားမယ်လို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှာ တရားဝင် ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013