
အမေရိကန်တွင် နေအိမ်ကနေ ပညာသင်ကြားမှုကို ရွေးချယ်ကြတဲ့ လူမည်းကျောင်းသား အရေအတွက်ဟာ ၂၀၂၀ ခုနှစ်ကစပြီး ၃ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ တိုးလာကြောင်း အမျိုးသား အိမ်တွင်းပညာရေး သုတေသနဌာနကနေ သိရပါတယ်။
လူမည်းမိသားစုတွေဟာ အခုခါ အိမ်တွင်းပညာသင်ကြားမှုမှာ အမြန်ဆန်ဆုံး များပြားလာတဲ့ လူဦးရေစာရင်းဖြစ်ပြီး အမေရိကန်နိုင်ငံတဝန်းရှိ ကျောင်းသား ၃ ဒသမ ၇ သန်းလောက် ရွေးချယ်ခဲ့ကြတဲ့ ပညာရေးလမ်းကြောင်း ဖြစ်နေပြီလို့ ဂျော်ဂျီယာ ပညာရေးဌာနက ထုတ်ပြန်ထားပါတယ်။
ကျောင်းဆရာမလည်းဖြစ်ပြီး အိမ်တွင်း ကျောင်းစာ သင်ကြားပေးသူလည်းဖြစ်တဲ့ အက်ပစ် အိမ်တွင်းသင် ကျောင်းပညာရေးကွန်ရက်ရဲ့ အမှုဆောင်ဒါရိုက်တာ အန်ဒရီယာ ဟောလ်က အစိုးရကျောင်းတွေမှာ ယဉ်ကျေးမှု ကွဲပြားခြားနားချက်တွေကို နားမလည်ကြတာတွေအပေါ် စိုးရိမ်မှုကြောင့် အိမ်ကနေပဲ ကျောင်းစာသင်ပေးဖို့ ဆုံးဖြတ်ဖြစ်သွားတာလို့ ပြောပါတယ်။
တခါတလေ လူမည်းကလေးတွေဟာ လူဆိုးလေးတွေလို့ တံဆိပ်ကပ်ခံရတတ်ပြီး ကလေးတွေကို သင်ယူစေတာမျိုး၊ အချိန်ပေးပြီး ကူညီပေးတာမျိုး မရှိဘူးလို့လည်း ဟောလ်က ဆိုပါတယ်။
ဇန်နဝါရီလမှာ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ကျောင်းရွေးချယ်မှုမှာ မိဘတွေရဲ့ ရွေးချယ်မှုကို မြှင့်တင်မယ့် အထူးအမိန့်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ပြည်နယ်တွေအနေနဲ့ “ရွေးချယ်မှု အစပျိုးချက်တွေ” ကို ပံ့ပိုးပေးမယ့် ဖက်ဒရယ်ပညာရေး ရန်ပုံငွေတွေကို ဘယ်လိုသုံးစွဲနိုင်မယ် ဆိုတဲ့အပေါ် လမ်းညွှန်ချက် ထုတ်ပြန်ဖို့လည်း ပညာရေးဌာနကို ညွှန်ကြားထားပါတယ်။
အန်ဒရီယာ ဟောလ်ဟာ အဲဒီလုပ်ဆောင်မှုကို ထောက်ခံပေမဲ့ တချိန်တည်းမှာပဲ လက်မှတ်ရေးထိုးခဲ့တဲ့ လူမျိုးနဲ့ ကျား၊ မ ကွဲပြားမှုအပေါ် မူတည်ပြီး ကျောင်းသားတွေကို “အမေရိကန်ဆန့်ကျင်ရေး” အယူဝါဒ သွပ်သွင်းမှုတွေ လုပ်ထားတဲ့ သင်ရိုးညွှန်းတမ်းမျိုးရှိရင် ဖက်ဒရယ်ရန်ပုံငွေကို အဆုံးသတ်ပစ်လိုက်မယ်ဆိုတဲ့ ဒုတိယ အမိန့်ညွှန်ကြားချက်နဲ့ပတ်သက်လို့ စိုးရိမ်မိကြောင်းလည်း ပြောပါတယ်။
Source : Reuters