
ရန်ကုန်၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်မှာ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်နေစဥ် ဓာတ်ဆီနဲ့ပက် မီးရှို့ခံရလို့ ဆေးရုံတင်ထားရတဲ့ ရာအိမ်မှူး ဦးအောင်မိုး ဇန်နဝါရီ ၂၆ ရက်က သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဓာတ်ဆီနဲ့ပက် မီးရှို့ခဲ့လို့ မီးလောင်ဒဏ်ရာရခဲ့တဲ့ ရာအိမ်မှူး ဦးအောင်မိုးဟာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပြီး ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ်မှာ သေဆုံးသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။
“ရာအိမ်မှူးက သေသွားတယ်၊ သူနဲ့အတူ ဒဏ်ရာရတဲ့ အမျိုးသမီးနှစ်ယောက်လည်း ဆေးရုံမှာပဲ၊ သူတို့လည်း အခြေအနေမကောင်းဘူး၊ တယောက်က ဆယ်အိမ်မှူး၊ တယောက်က ရုံးအကူ။”
ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်မှာ ဖေဖော်ဝါရီ ၁၂ ရက် နေ့လယ်က လူဦးရေစာရင်းကောက်နေတဲ့ ရာအိမ်မှူးနဲ့ အမျိုးသမီး ၂ ယောက်ကို ဓာတ်ဆီနဲ့ပက် မီးရှို့ခဲ့တဲ့ အမျိုးသားကို ဖမ်းမမိသေးဘူးလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“ကိုယ့်ရပ်ကွက်သားအချင်းချင်းဖြစ်တာ၊ ဖြစ်တဲ့နေ့က ဓာတ်ဆီနဲ့ပက် မီးရှို့သွားတဲ့သူကလည်း မူးနေတာ၊ သူတို့အချင်းချင်း စကားများထားတာလည်းရှိတယ်၊ အဲဒီအရှိန်နဲ့ လုပ်သွားတာ၊ စခန်းမှာ အမှုဖွင့်ထားပေမဲ့ အခုချိန်ထိ မမိသေးဘူး။”
လတ်တလောမှာ မီးလောင်ဒဏ်ရာရရှိတဲ့ ကြည်စုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ဆယ်အိမ်မှူး ဒေါ်နှင်းသီတာနဲ့ ရုံးအကူ ဒေါ်စန်းဝေကျော်တို့ဟာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။