Home
နိုင်ငံတကာ
အိန္ဒိယ ‘မဟာကူးမ်မေလာ’ ဘာသာရေးပွဲတော်တွင် လူပေါင်း သန်း ၆၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့
DVB
·
February 27, 2025
Photo : Reuters, ANI

၁၂ နှစ်တကြိမ် ကျင်းပတဲ့ မဟာကူးမ်မေလာ ဟိန္ဒူဘာသာရေးပွဲတော်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အဆုံးသတ်ခဲ့ပြီး လူပေါင်း သန်း ၆၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယမြောက်ပိုင်း အူတာပရာဒေ့ရှ်ပြည်နယ်က ပရိုင်ယာဂရာ့ချ်မြို့မှာ ကမ္ဘာ့အကြီးမားဆုံး ဘာသာရေးပွဲတော်ကို သီတင်း ၆ ပတ်ကြာ ကျင်းပခဲ့တာပါ။

ဂင်္ဂါ၊ ယမုံနာနဲ့ သူရဿတီ မြစ်ကြီး ၃ စင်း ဆုံရာအရပ်မှာ အိန္ဒိယလူဦးရေ ၁ ဒသမ ၄ ဘီလီယံရဲ့ သုံးပုံတပုံနီးပါးက ဝတ်ပြုရေချိုးခြင်းအမှုကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

၄၅ ရက်တာအတွင်း ဟိန္ဒူဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ ဆန်ဂမ်မြစ်ဆုံနေရာမှာ တရက်ကို လူဦးရေ ၉ သန်းနှုန်းနဲ့ သန်းပေါင်း ၄၀၀ လောက်သာ ပါဝင်ဆင်နွှဲမယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားတာပါ။

ကူးမ်မေလာ ဆိုတာက ၃ နှစ် တကြိမ်စီ မြို့ကြီး ၄ မြို့မှာ အလှည့်ကျကျင်းပတဲ့ ပွဲတော်တခုဖြစ်ပြီး ဒီတခေါက်လိုမျိုး အကြီးဆုံးပွဲတော်ကိုတော့ ‘မဟာ’ လို့ အရှေ့မှာထည့်သုံးပါတယ်။

အဲဒီပွဲတော်နဲ့ပတ်သက်ပြီး သီးခြားဖြစ်စဉ် ၂ ခုအတွင်း လူအုပ်စုပြုံတိုးမှုကြောင့် ဘုရားဖူးဧည့်သည် ၅၀ နီးပါးအထိ သေဆုံးခဲ့ရပါတယ်။

အခုလိုမျိုး လူတွေပြည့်ကျပ်နေတာနဲ့ ဝတ်ပြုရေချိုးရာ နေရာတွေမှာ ရေညစ်ညမ်းနေတာဟာ ပွဲတော်ပုံရိပ်ကို ကျဆင်းစေခဲ့ပေမဲ့လည်း ဟိန္ဒူဘာသာဝင် သန်းပေါင်းများစွာက အစဉ်အလာအတိုင်း ပါဝင်ခဲ့ကြပါတယ်။

အဲဒီမြစ်ဆုံနေရာမှာ ရေချိုး သန့်စင်တဲ့အခါ အပြစ်တွေစင်ကြယ်စေတဲ့အပြင် ‘နိဗ္ဗာန်အကျွတ်တရား’ (Spiritual Liberation) နဲ့ပါ နီးစပ်စေတယ်လို့ ယုံကြည်ထားကြတာပါ။

“ကျနော့်အပြစ်တွေကို ဖြေဖျောက်ဖို့ ရေချိုးပြီးရင် မြစ်ရေမသန့်တဲ့အတွက် နောက်တခေါက် ရေထပ်ချိုးရပါတယ်။ အပြစ်တွေ သန့်စင်သွားပေမဲ့ ခန္ဓာကိုယ်ကြီးကတော့ မသန့်ရှင်းသေးပါဘူး” လို့ ပွဲတော်လာရောက်သူ ဆာကာက အရွှန်းဖောက် ပြောဆိုပါတယ်။

အိန္ဒိယအာဏာပိုင်တွေကတော့ တခါသုံးပလတ်စတစ် အသုံးပြုခွင့် တားမြစ်တာမျိုး အပါအဝင် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ အိမ်သာတွေ၊ လျှပ်စစ်လန်ချားတွေ၊ သန့်ရှင်းရေးလုပ်သားပေါင်း ၁၅,၀၀၀ နဲ့အတူ ‘စိမ်းလန်းတဲ့ပွဲတော်’ ဖြစ်အောင် ပြင်ဆင်နိုင်ခဲ့တယ်လို့ ကြေညာထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013