Home
မြန်မာသတင်း
ကုလအကြီးအကဲ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အပေါ်  ဘားမားကမ်ပိန်းအဖွဲ့ ကြိုဆို
DVB
·
February 27, 2025
Photo: Reuters

လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ဖိနှိပ်မှုတွေကြားက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဆွေးနွေးဖို့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာ ရက်စ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်မယ့် ခရီးစဉ်အပေါ် ယူကေအခြေစိုက် ဘားမား ကမ်ပိန်းအဖွဲ့က ကြိုဆိုကြောင်းထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ဒီခရီးစဉ်အတွင်းမှာ အကျပ်အတည်းတွေကို နားလည် သဘောပေါက်ဖို့ ဒုက္ခသည် စခန်းတွေဆီ သွားရောက်ဖို့ရှိနေတဲ့အကြောင်း သံတမန်သ တင်းရင်းမြစ်တွေက အတည်ပြု ပြောကြားထားသလို ခရီးစဉ်မတိုင်ခင် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်က နှစ်ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပါတယ်။

ဘားမားကမ်ပိန်းအဖွဲ့ကတော့ ရခိုင်ပြည်နယ်မှာ ကြီးထွားလာနေတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဆွေးနွေးဖို့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ သွားရောက်ဖို့ တောင်းဆိုတဲ့ ကမ်ပိန်းတခု ပြုလုပ်နေပြီး အွန်လိုင်း အသနားခံစာမှာ လူ ၁,၀၀၀ ကျော် လက်မှတ်ရေးထိုးထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ကတော့ ပြင်းထန်တဲ့တိုက်ပွဲ ပဋိပက္ခတွေ၊ ကုန်သွယ်မှု ပိတ်ဆို့တာတွေကြောင့် ရခိုင်ပြည်နယ်ထဲက လူဦးရေ ၂ သန်းလောက်ဟာ မကြာမီ လပိုင်းအတွင်း ငတ်မွတ်ခေါင်းပါးမှုဘေး ကြုံတွေ့ရနိုင်တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက သတိပေးထားပါတယ်။

ဒါ့အပြင် ပြည်နယ် လူဦးရေရဲ့ ၉၅ ရာခိုင်နှုန်းလောက်ဟာ ခက်ခက်ခဲခဲ ရပ်တည်ရှင်သန်နိုင်ရ မှာဖြစ်သလို ပြည်နယ်တွင်း လိုအပ်တဲ့ အစားအစာရဲ့ ၂၀ ရာခိုင်နှုန်းလောက်သာ ထုတ်လုပ် နိုင်တော့မှာဖြစ်ပြီး အကျပ်အတည်းနဲ့ ပဋိပက္ခတွေကြား လူပေါင်း ၆ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

လတ်တလော ဘားမားကမ်ပိန်းအဖွဲ့ရဲ့ အသနားခံစာမှာတော့ အန်တိုနီယို ဂူတာရက်စ် ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အရေးပေါ်အကူအညီစင်္ကြံဖွင့်လှစ်ဖို့အတွက် ညှိနှိုင်းဆွေးနွေးဖို့၊ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ပြည်နယ်နယ်စပ်တလျှောက် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ နယ်မြေတွေဆီ အကူအညီပေးရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဖွင့်လှစ်ဖို့ သဘောတူညီမှု ရရှိရေး စတာတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဘားမားကမ်ပိန်းအဖွဲ့ရဲ့ ဒါရိုက်တာ မာ့ခ် ဖမ်မနာကတော့ “ဒီအကျပ်အတည်းရဲ့ အတိုင်းအတာဟာ သူ့ကိုယ်ရေးကိုယ်တာ စွက်ဖက်မှု လိုအပ်တယ်ဆိုတာကို အန်တိုနီယို ဂူတာရက်စ်က အသိအမှတ်ပြုတာကို တွေ့ရတော့ ကျနော်တို့ စိတ်သက်သာရာ ရမိပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲကို ဘင်္ဂလားဒေ့ရှ်ကနေ အကူအညီနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ဖွင့်လှစ်ပေးရေး အပါအဝင် လိုအပ်တဲ့ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေအတွက် အရှိန်အဟုန်ကောင်းရရှိဖို့ အကောင်းဆုံး မျှော်လင့်ချက်ကို ပေးစွမ်းနိုင်ပါလိမ့်မယ်” လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် နိုင်ငံတွင်း ခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၃ သန်းနီးပါးကို နေရပ်ပြန်ပို့ရေးမှာ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုတွေ ရရှိဖို့ တက်ကြွစွာ ကြိုးပမ်းနေတဲ့အကြောင်း သတင်းရင်းမြစ်တွေက ဖော်ပြကြပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကုလသမဂ္ဂက ဘေးကင်းဇုန်တခု သတ်မှတ်ထားရှိပေးဖို့လည်း ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ ခေါင်းဆောင် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် မိုဟာမက် ယူနွတ်စ်က အဆိုပြုထားခဲ့ပြီး ဘေးကင်းဇုန် ထူ ထောင်ရေးဆိုင်ရာ ဆွေးနွေးမှုတွေကိုတော့ ဆက် လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အဆိုအရ လတ်တလောမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်ရဲ့ ဒီခရီးစဉ်ဟာ နောက်ဆုံးအဆင့်ဖြစ်သလို ဘယ်နေ့ ဘယ် ရက်ဆိုတာကိုတော့ ဆွေးနွေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်းမှာတော့ အကျပ်အတည်းဖြေရှင်းနိုင်ရေး နည်းလမ်း ရှာဖွေနိုင်ဖို့ ယူနွတ်စ်နဲ့ အရေးကြီးတွေ့ဆုံမှု ပြုလုပ်နိုင်ဖို့ မျှော်လင့်ရသလို ကော့ဇ်ဘဇား က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေဆီ သွားရောက်ပြီး ရိုဟင်ဂျာ ခေါင်းဆောင်တွေ၊ လုံခြုံရေး တာဝန်ရှိသူတွေနဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013