Home
မြန်မာသတင်း
ရိုဟင်ဂျာဒုက္ခသည်များအတွက် ကိုရီးယားဘုန်းတော်ကြီးက ဆပ်ပြာခဲ ၆ သန်းကျော် လှူဒါန်း 
DVB
·
December 10, 2024
Photo: BDG

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကိုရီးယားဘုန်းတော်ကြီးတပါးက ဆပ်ပြာခဲ ၆ သန်းကျော် လှူဒါန်းခဲ့တဲ့အကြောင်း Buddhistdoor Global သတင်းတပုဒ်မှာ ဒီဇင်ဘာ ၉ ရက်က ဖော်ပြပါတယ်။

ဒီလှူဒါန်းမှုကိုတော့ နိုင်ငံတကာကယ်ဆယ်ရေး အဖွဲ့အစည်း Join Together Society (JTS) တည်ထောင်သူနဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဇင်ဘုန်းတော်ကြီး ဖုန်ဉာဏ်ဆန်းနင်မ်က ဦးဆောင်ပြီး နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်း မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ မူဆလင်တွေ နေထိုင်ရာ ကော့ဇ်ဘဇား ဒုက္ခသည်စခန်းကို လှူဒါန်းလိုက်တာ ဖြစ်ပါတယ်။

ဆပ်ပြာခဲပေါင်း ၆ ဒသမ ၃၆ သန်းကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံကို စေတနာ့ဝန်ထမ်းအဖွဲ့တဖွဲ့က ဦးဆောင်ပြီး ပို့ဆောင်ခဲ့ပြီးဖြစ်ကာ ဒီမတိုင်ခင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလနဲ့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွေတုန်းကလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ဂက်စ်မီးဖိုတွေ ပေးပို့အကူအညီပေးခဲ့သေးတယ်လို့ ဆိုပါတယ်။

ဘုန်းတော်ကြီးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိပြီးနောက် ဒုက္ခသည်စခန်းထဲက လက်ရှိအခြေအနေတွေကို သိရှိနိုင်ဖို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

UNHCR ရဲ့ အကြီးတန်း လုပ်ငန်းညှိနှိုင်းရေးမှူးက “ရိုဟင်ဂျာ ဒုက္ခသည် တသန်းလောက် ကော့ဇ်ဘဇားမှာ နေထိုင်နေပါတယ်။ သူတို့ထဲက ၉၇ ရာခိုင်နှုန်းက ကော့ဇ်ဘဇားစခန်းမှာ နေထိုင်ကြပြီး ကျန်တဲ့ ၃ ရာခိုင်နှုန်းကတော့ဘာဆန်းချားကျွန်းမှာ နေထိုင်ကြတာပါ။ ဘာ ဆန်းချားကျွန်းကို ပြောင်းရွှေ့ရတဲ့ အဓိကအကြောင်းရင်းက ပိုပြီးတော့ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကြောင့် ဖြစ်ပါတယ်” လို့ပြောပါတယ်။

“လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ စခန်းရဲ့ လုံခြုံရေး အခြေအနေက သိသိသာသာ ဆိုးရွားလာပါတယ်။ စခန်းထဲမှာ ရာဇ၀တ်ပြစ်မှုဆိုင်ရာ အဖွဲ့အစည်းတွေကြား ပဋိပက္ခတွေကြောင့် မှုခင်းဖြစ်ပွားမှုနှုန်း ၂ ဆတိုးလာပြီး လုံခြုံရေးကို ဆိုးရွားစွာ ထိခိုက်စေခဲ့ပါတယ်။”

ဒါ့အပြင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကနေ ဘတ်ဂျက်ဖြတ်တောက်မှုတွေကြောင့် လူတယောက်ကို လစဉ်စားနပ်ရိက္ခာထောက်ပံ့မှုဟာ မနှစ်က အမေရိကန်ဒေါ်လာ ၁၂ ဒေါ်လာကနေ ၈ ဒေါ်လာအထိ လျော့ကျသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

ထောက်ပံ့မှုပမာဏဟာ အခုနှစ်အစပိုင်းမှာ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅၀ ထိ ပြန် လည်ရရှိခဲ့ပေမဲ့လည်း စခန်းထဲက အာဟာရအခြေအနေအပေါ် ဆိုးရွားစွာ သက်ရောက် မှုရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဘုန်းတော်ကြီးနဲ့ JTS စေတနာ့ဝန်ထမ်းတွေဟာ ဒုက္ခသည်စခန်းအမှတ် ၄ ဆီ သွား ရောက်ခဲ့ကြပြီး စခန်းမန်နေဂျာက JTS ရဲ့ စဉ်ဆက်မပြတ်ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ရှိပြီး အခုလှူဒါန်းနဲ့ ဆပ်ပြာခဲတွေကို UNHCR အုပ်ချုပ်မှုအောက်က စခန်း ၁၆ ခုမှာ နေထိုင်ကြတဲ့ ဒုက္ခသည်အားလုံးဆီ ဖြန့်ဝေသွားမယ်လို့ ဆိုပါတယ်။

တကိုယ်ရေသုံး ဆပ်ပြာတခဲနဲ့ အဝတ်လျှော်ဆပ်ပြာတခဲစီကို မိသားစု အရွယ်အစားအလိုက် တွက်ချက်ကာ လူတဦးချင်းစီကို ဖြန့်ဝေပေးခဲ့သလို ဒါဟာ စခန်းတွင်း ဘက်တီးရီးယားပိုးမွှားတွေကြောင့် အရေပြားရောဂါတွေ ခံစားနေကြရတဲ့ ဒုက္ခသည်များစွာအတွက် ပြင်ဆင်ထားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

Source: Buddhistdoor

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013